Friday, June 29, 2012

ရသာစုံ



အားနာလိုက်တာ...ပြောရမှာအားနားလွန်းလို့အသံသွင်းထားရမလိုပါဘဲး)
အားနာပါတယ်နော်.. (ပြောပြန်ပြီ..)

ဒီနေ့မှ ဖုံခါရင်းနဲ့အိမ်ဖက်ပြန်လှည့်ဖြစ်ပါတယ်။ပိုင်ရှင်မရှိတဲ့အိမ်တွေ(အဖွဲ့တစ်ဖွဲ့က)လိုက်ဖြိုနေတယ် ကြားလို့ပါ..။ ကိုယ့်အိမ်နေရာလေး သိမ်းတဲ့ထဲပါသွားမှဖြင့်ဆိုပြီး..စိုးရိမ်စိတ်လေးနဲ့ ရောက်လာဖြစ်တာပါ။ ဒီရောက်တော့...အမြဲတမ်းကာစတမ်ဘာ၊အမာခံပရိတ်သတ်ကြီးတွေက လာလာနေပေး လို့ ကျေးဇူး တင် ရပါသေးတယ်။ မကြာမကြာ လာခဲ့ပေးဖို့ဒီကနေ တောင်းဆိုပါရစေ..(အိမ်လခမပေး လဲကျေ နပ်ပါ တယ် ရှင်;)

တစ်လက်စတည်း..

အိမ်ရှင်းရင်းနဲ့..ဟင်းပါချက်ကျွေးမယ်နော်..။ပြီးတော့ ပေါက်တတ်ကရလည်းနည်းနည်းပြောပါမယ်... :)
(ပုံတွေကသုံးတော့သုံးပြီးသားပါ။ဒါပေမယ့်သုံးပြီးသားပါ..း)
ချက်နည်းတွေကတော်တော်ခက်လို့ အချိန်ယူပြီးရှင်းပြပေးထားပါတယ်..။ :D

ဟင်းအမည် - 
ပုဇွန်၊ချဉ်ပေါင်လျှာလည်ကြော်
ဆွေမျိုးမေ့အောင်ကြော်နည်း -
 ထောင်းထားသောငြုပ်သီးကိုဆီသတ်သည်။ပုဇွန်ထည့်သည်။ငရုတ်သီးစိမ်းထည့်သည်။
ချဉ်ပေါင်ရွက်ကိုစိမ်းစားငပိဖြင့်နယ်ကာ အပေါ်မှအုပ်သည်။သွေးတိုရှိသူများငပိမသုံးဘဲအုပ်နိုင်ပါသည်။
သွားကျိန်းပါကမိမိဘာသာဖြစ်သည်။း)


ဟင်းအမည် -
 ကန်ဇွန်းတောက်တောက်ကြော်
အရသာရှိအောင်ကြော်နည်း-
ကြက်သွန်နီ(အနည်းငယ်)အားဆီသတ်သည်။အနည်းငယ်ညိုလာသောအခါ
အငြိုးတကြီးသင်ထားသောကန်ဇွန်းအားအပေါ်မှအုပ်သည်။
(ချွေရ၊ဆိတ်ရသောအလုပ်အားစိတ်မရှည်၍ဖြစ်ပါသည်။)
အရသာမှုန့်ထည့်သည်။စားသုံးသူအား“အာ”သွက်စေချင်လျှင်ရွှေအပ်ငရုတ်သီးစိမ်းဖြင့်ကုသိုလ်ယူနိုင်ပါသည်။

အသုပ်အမည်- 
အတိတ်မေ့မုန့်ဖတ်သုပ်
စားချင်စဖွယ်ပြုပြင်နည်း-
ခပ်ရွယ်ရွယ်ဇလုံထဲတွင်မုန့်ဖတ်ထည့်သည်။ငံပြာရည်(စိန်ခဲ၊ရွှေခဲ၊ငွေခဲသင့်တော်ရာ)အနည်းငယ်။
ငြုတ်သီးမှုန်(စားနိုင်သလောက်)၊ကြက်သွန်ဆီချက်၊အရသာမှုန့်ထည့်ကာရောသမမွှေသည်။
ဘဲဥ၊ငဖယ်၊ပဲကြော်၊နံနံပင်ထည့်ပါကပုံပါအတိုင်းရသည်။
သောကြာနေ့တိုင်းဗလီတက်..အဲလေ..(တစ်လနှစ်ကြိမ်ခန့်)သုပ်စားလေ့ရှိပါသည်။
သောကြာနေ့ဖြစ်သော်လည်းမိတ်ဆွေလာလည်၍မကြုံကြိုက်လျှင်ကျွန်ုပ်ရွှီးသည်ဟုမှတ်ပါလေ...း)
အကြော်အမည်-
လိုက်ပွဲမလောက်ထမင်းကြော်
မရှိကြော်ကြော်နည်း-
ကြော်မည့်အိုးထဲဆီထည့်သည်။ဆီပူလာလျှင်မုန့်ညှင်းထည့်သည်။ကြက်ဥဖောက်ထည့်သည်။
ခဏကြာလျှင်ထမင်းထည့်ကာကြော်သည်။အရောင်ကြိုက်လျှင်ဆီပူနေတုန်းနနွင်းမှုန့်သုံးပါ။
ထို့နောက်..မနေ့ကကျန်..အဲ(မှားလို့)ရယ်ဒီမိတ်ငြုတ်သီးကြော်နှင့်တွဲဖက်ပြင်ဆင်သည်။

အသုပ်အမည်-
လျှာဘရိတ်ပေါက်ကြက်သားသုပ်
လျှို့ဝှက်သုပ်နည်း-
အရွယ်တော်အိုးကြီးကြီးထဲတွင်ရေမြုပ်အောင်ထည့်၍ကြက်ကိုပြုတ်ပါ။မြန်မာကြက်စစ်စစ်ဖြစ်ရပါမည်။
ကျက်သွားလျှင်ဆယ်ကာအသားကိုနွှင်ပါ။ငြုတ်သီး(အပု(ခ)အရှည်)ကိုညက်အောင်ထောင်းပါ။
(ငြုတ်သီးထောင်းညက်လျှင်မိန်းမပီသသည်ဟုအဆိုရှိပါသည်။ချွေးမရွေးမည့်သူများ၊
ချွေးမဖြစ်မည့်သူများမှတ်ထားသင့်ပါသည်။)
ထောင်းထားသောငြုတ်သီးညက်သွားလျှင်ကြက်သွန်နီ(သင့်သလောက်)ထည့်ထောင်းပါ။
ဆား၊အချိုမှုန့်ထည့်ထောင်းပါ။(တစ်ခြားအမှုန့်ထည့်ပါကအရသာပျက်တတ်ပါသည်။)
နွှင်ထားသောကြက်သားနှင့်ရောနယ်ကာကြက်ပြုတ်ရည်နှင့်သုံးဆောင်နိုင်ပါသည်။

မြန်မာပြည်နေရာအနှံ့တွင်ရနိုင်သော(ဘဲဥအပါ)တစ်ပွဲငါးရာတန်မုန့်ဟင်းခါးဖြစ်သည်။
မိမိလက်ရာမဟုတ်ကြောင်းဝန်ခံပါသည်...း)

ဘဲသွေးအုန်းနို့ခေါက်ဆွဲ (အထက်ပါအတိုင်းပင်ဖြစ်သည်။)

သိထားသင့်ကာ..ရယ်ရသောဟာသဖြစ်ပါသည်။း)

စားပြီးသောက်ပြီး၊ရယ်ပြီးတော့.. ဘုရားဖူးကြစို့ကွယ်..
(ခံစားချက်ကလည်းအမျိုးမျိုးပါလားနော်း)

 ကဗျာဆန်သလားလို့ .. (ဘုရားပေါ်တောင်မရှောင်း)

 ဘုရားပစ္စည်းဖြစ်၍ပြစ်မှားခြင်းမှရှောင်ကျဉ်ပါရန်... 
(သို့သော်ပြစ်မှားမိပါသည်။)

 တစ်ခုမေ့သွားတယ်။ဘာပြောမလို့ပါလိမ့်...

ဘာပန်းတွေလဲမသိတော့ပါ... :)

ဟိုလိုလိုသည်လိုလို..ဘာလိုလို၊ညာလိုလိုနဲ့ တစ်လလုံးမှပို့စ်တစ်ပုဒ်သာတာဝန်ကျေပါသေးသည်။ ခွင့်ပြုပါ၊ ခွင့်လွှတ်ပါ(အာဇာနည်လေသံပေါ့)

အခုတလောကံဇာတာတက်တယ်ဘဲဆိုရလေမလား “လာနေပြီဟေ့၊၀င်လာပြီဟေ့ ကလေးတွေဝင်ဆွဲနေပြီ” ဆိုလို့ တုတ်ဘဲဆွဲ ရတော့မလို၊ ဓားဘဲကိုင် ရတော့မလိုဖြစ်သွားတာကြောင့်ပါ..။တကယ်တမ်း လက်ထဲရှိ တဲ့လက်နက်က ယက်တောင်တစ်ချောင်းတည်း...။  :)

လမ်းထိပ်ကမုန့်ဟင်းခါးသည်လေးကလည်း (တစ်နေ့လောက် နေရာမရှိလို့သူ့ရှေ့ထိုင်စားမိပါတယ်)တစ်နေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်ဆိုလိုဆို.. နဖူးကခြေဖျားထိလှတယ်ပြောလိုပြောနဲ့ “အိမ်း..ဆရာလေးလည်းဒီသံသရာထဲမှာ တ၀ဲလည် လည် ပါဘဲ လားနော်..” :)



ချစ်ခင်လေးစားလျှက်..


Wednesday, May 30, 2012

ကြောင်ခြစ်


ငယ်တုန်းက အမှားလုပ်ပြီးရင် အမေရိုက်မှာ အဖေရိုက်မှာ အစ်ကိုတွေ၊အစ်မတွေရိုက်မှာ စိုးရိမ်တတ်သော စိတ်သည် သူ့အလိုလိုတတ်လာသော စိတ်ဖြစ်သည်။ ကြောက် စိတ်တစ်ချို့ဖြင့် (အချို့လူများက) ဘ၀အစပြုသည်။
ဟိုလည်းမမြည်၊ဒီလည်းမရောက်အရွယ်ရောက်လာသော် မှားတော့မှားကြည့်လိုက်မယ်။ မှန်သွားတော့ လည်း အမြတ် မမှန်သွားတော့လည်း အရိုက်ခံရုံ/အဆူခံရုံဟု မြင်တတ်လာကာ လုပ်ချင်တာလုပ်ရရင် ပျော် မွေ့ နေတတ် သော စိတ်ဖြင့်နေရသည်ကိုအချို့လူများက ပျော်စရာဟုထင်လာသည်။
 
ရှိသေးသည်..
ကိုယ်ထင်ရင်ကုတင်ရွှေနန်း၊မှားသည်မှန်သည်တိုင်ပင်စရာမလို။လျှောက်သင့်တယ်ထင်ရင် ရဲရဲဝံ့ဝံ့ လျှောက် ရမည်ဟု (ခပ်တည်တည်)သဘောပိုက်ကာ … ခလုတ်ထိမှအမိတကြရင်းဖြင့် ကယ်ပါ၊ယူပါ တစ်စာ စာနေ သူများပင်...။
 
လူ့ဘ၀ဟူသည်… မွေးလာကတည်းက ငိုချင်းနှင့်“စ”ကာ သေသော်လည်း ငိုချင်းနှင့် ဆုံး တတ် သော(ထိုနှစ်ခုကြားတွင် ထားတတ်လျှင်အမှတ်တရပေါင်းများစွာကျန်ခဲ့တတ်သည်မှအပ) ထူးမခြား နား ဘ၀ တစ်ခုသာဖြစ်သည်။

တစ်ချို့တွေက ထိုဘ၀တွင် ပျော်ရွှင်ခြင်းဖြင့်ရှင်သန်သည်။တစ်ချို့တွေက ငိုကြွေးခြင်းဖြင့်ရှင်သန်သည်။ တစ်ချို့ တွေက အချစ်ဖြင့်ရှင်သန်သည်။တစ်ချို့တွေက အမုန်းဖြင့်ရှင်သန်သည်။ တစ်ချို့တွေက အရာ အား လုံးလျစ်လျူရှုခြင်းဖြင့် ရှင်သန်ကြသည်။အချို့အချို့တွေကပြောမပြတတ်အောင်များပြားသော နည်း မျိုးစုံ ဖြင့်ရှင်သန် ကြသည်။
 
အရေအတွက် တော်တော်များများသည်..“ငါဆိုတာ ဘာမှမရှိ အရာအားလုံးသည် အနိစ္စ၊ဒုက္ခ၊အနတ္တ” ဟုပြော နေ တတ် ကြ သော် လည်း အတွင်းစိတ်ထဲ တွင်ငါမှငါကာ “ငါမရှိ လျှင် ဘာမှမဖြစ်နိုင်၊ငါမရှိမှ ငါ့အကြောင်း ကောင်းကောင်း သိကြလိမ့်မယ်” ဟူကာ ငါဠီကာ ချဲ့ရင်းမပြီးနိုင်သောအတ္တများကို လောင်စာ အဖြစ်သုံးကာ စိတ် အ မှောင်ထုထဲတွင်မြုပ်မှန်းမသိ..မြုပ်နေသောဘ၀ကို အဟုတ်ထင်နေသည်။
 
လူ့ဘ၀သည် တိုသာတို၏။အတ္တ၊မာန်၊မာနများကား မဆုံးနိုင်သော သံသရာထက်ပင် ရှည်နေသေးသည်။ အလှူတစ်ခုပြုလုပ်မိတိုင်း အတ္တ၊မာနများ ချုပ်ငြိမ်းရာ မြတ်နိဗ္ဗာန်သို့ လူ့ဘ၀တိုတိုဖြင့် ရလို၊ ရောက်လိုပါ စေကြောင်း ဆုတောင်းတတ်ကြသေးသည်။နိဗ္ဗာန်ရလို၍ လှူဒါန်းသည်ကလည်း ရယူလိုခြင်း အတ္တ ပင် မဟုတ်ပါလော..။“သွားမလားနိဗ္ဗာန် မနက်ဖြန်သေရမယ်”ဟု အပေးအယူပြုကြည့်ပါလျှင် မဖြတ်နိုင်သော သံယောဇဉ်များ အကြောင်းပြုသည်က တစ်မျိုး၊(မယုံသင်္ကာတတ်သူမှ)သေပြီးတာနဲ့ ချက်ချင်းရမယ် ဆိုတာ ကောဟုတ်ပမလားတစ်ဖုံ...အကြောင်းအမျိုးမျိုးပြရင်းငြင်းဆန်ကြမှာမြင်ယောင်မိသေးသည်။တစ်ကောင်ကြွက်၊တစ်မျက်နှာဟု  အများက သတ်မှတ်ထားသူ ရှေ့ကြည့်ကျောကုန်း နောက်ကြည့်ရင် ဘတ် သမား များပင် အကြောင်းပြချက်နှင့်ဖြစ်သည်။

သြော်…ဘာတွေများစိတ်ညစ်နေမည်လည်း၊“ဘ၀ဆိုတာ နေတတ်ရင်ကျေနပ်စရာကြီးပါ”။ ပျော်ပျော် နေ လိုက်ပါ။ ဘာမှမတွေးပါနဲ့။နေသာသလို နေပါ ပြောနေ တတ် သူများ ရှိနေပါသော်လည်း ထိုသူများ ကိုယ် တိုင် အားပေးခံရသူထက် ထက်ပိုသော အပူကိစ္စ များနှင့်ရှင်သန်နေသူများဖြစ် နေတတ်သေးသည်။ သို့သော် မိမိခံစား ချက်ကို ပစ် ပယ် ကာ တစ်ပါးသူအား အေးချမ်း စေလိုသောစိတ် “ထားနိုင်”နေသည်မှာ မြင့်မြတ် ကောင်း မွန်သော စိတ် ထား တစ် ခု ပင် မဟုတ် ပါလော…။ထိုထိုသောစိတ်ထားများ လူတိုင်း၊ လူ တိုင်းတွင် (အများကြီး မဟုတ်မိသော်လည်း) နည်း နည်းစီ မွေးမြူထားနိုင်ပါက (အလေးခံကာ) ထမ်း ထား ရ သော မြေကြီးသည်ပင် (ခံစားတတ်သူဖြစ်လျှင်) “ထမ်းရကျိုးနပ်သည်” သဘောပိုက်နိုင်မည်။ 

တစ်ခါတစ်ရံ..ဆင်ခြေ၊ဆင်လက်၊ဆင်နားရွက်ကာ ဆင်တစ်ကောင်လုံးနှင့်နေသူများရှိသည်။ သုံးကောင်း တိုင်းသာ သုံးနေကြသည်။တစ်နေ့နေ့ တစ် ချိန်ချိန် မိမိအသက်အန္တရာယ်ကိုပင် အနှောင့် အ ယှက်ပြု လာ နိုင်သောထို “အင်္ဂါနံ” အကြောင်း ကိုမူသူတို့မသိ..။


မည်သို့ပင်ဆိုစေကာမူ.. အရာအားလုံးသည် မဆုံးနိုင်သော ခရီးရှည်တစ်ခုတွင် ခေတ္တတွေ့ဆုံရသော မမြဲခြင်းဘူတာရုံတွေမျှသာဖြစ်သည်။(နားမလည်နိုင်ခြင်း၊သည်းမခံနိုင်ခြင်း၊ မစောင့်ဆည်းနိုင်ခြင်းတို့သည် ဘူတာ ရုံ အမှိုက်ပုံးထဲတွင်ရှိ၏။)

ကြောင်တောင်တောင်၊ပြားကိုးဆယ်ခြစ်ထားသောစာမျှသာ...။
☺☺☺☺☺☺☺☺☺

တစ်လလုံးလုံး ပျက်ရက်တွေများထားတော့ လစာလဲ မထုတ်ရဲတော့ပါဘူး ...း))


ချစ်ခင်လေးစားလျှက်
သမီးစံ



Thursday, May 24, 2012

Candle Case

(ဘာရယ်ဟုတ်ပါဘူး..။ဒီပုံလေး ကြိုက်တယ်ဆိုလို့ ထပ်တင်ပေးလိုက်တား)

ဖြစ်ဖြစ်မြောက်မြောက်ဖြစ်အောင် စာရေးမလို့ပါဘဲ..။ မရေးဖြစ်တဲ့အကြောင်းကို...ဟိုကြောင့်၊ဒီကြောင့် အကြောင်းပြချက်တွေ မပေးတော့ ပါဘူး။ကိုယ်တိုင် အားမထုတ်ဖြစ်တာလည်းပါပါတယ်။တောင်းရော ဇကောပါ ပန်ပါတယ်။လွှတ်ချင်ရာ လွှတ်ကြပါ :D။

ဒီကနေ့မှာ လူကြီးမင်းတစ်ယောက်က ကိုယ့်ဘ၀အစကို မှတ်မိစေပါတယ်။“သတင်းထောက်” တဲ့း)။ မှန်ပါတယ်။ သတင်းထောက်ရင်း ဒီလောကထဲ ရောက်လာတဲ့ ကိုယ့်ဘ၀ ကိုယ်မေ့နေတာအပြစ်ပါ။ ဘကြီးအောင် ကို ကျေးဇူးတင်ပါတယ်။သူပြောလို့ ခန်းမနားကို(သွားပြီး) စနည်းနာဖြစ်တာပါး)။ပထမနေ့ ကလည်း သွားပါတယ်။ကိုက်နှစ်ရာလောက်အကွာတင်.. ပြန်လှည့်လာခဲ့တာပါ။( သတ္တိမရှိဘူးလေ...း))

မြို့လယ်ခေါင်ရဲ့ တစ်ဖက်တစ်ခြမ်းမှာ ဈေးဝယ်သူ၊ အိမ်ပြန်သူ၊ဘတ်(စ်)ကားစောင့်သူတွေနဲ့ ပုံမှန် စည်ကား သွားလာနေကြသလို..နောက်တစ်ခြမ်းမှာတော့ ယုံကြည်ချက်ကြောင့် ဖယောင်းတိုင်မီးထွန်းရင်း အသံတိတ် ဆန္ဒဖော်ထုတ်နေသူတွေနဲ့ ပြည့်ကြပ်နေပါတယ်။မြင်ကွင်းတစ်ခုက နေ့စဉ်မြင်တွေ့နေကျ  မြင်ကွင်းဖြစ်နေတာ မို့သမရိုးကျမဟုတ်တဲ့ နောက်ထပ်မြင်ကွင်းတစ်ခုဆီကို စနည်းနာဖို့ (တောင်ကြည့်၊မြောက်ကြည့်ရင်း) သွားခဲ့ ပါတယ်။(ဘယ်သူ့မှ ဘာမှမလုပ်ဘူး အသံကြားလို့) လမ်းလျှောက်ရင်းပါ။

ဟိုရောက်တော့ ကိုယ်ကလည်း တဖျတ်ဖျတ် သူကလည်းတဖျတ်ဖျတ်နဲ့ ဖယောင်းတိုင်မထွန်းခင် လင်း ထိန် နေပါတယ်။ကိုယ့်ဆန္ဒကိုယ် ငြိမ်းချမ်းစွာ ဖော်ထုတ်ကြတယ်ဆိုတဲ့ပွဲကို သွားကြည့်ဖူးတာ ဒါပထမ ဆုံးပါ။ ဒါတောင် သွားကြည့်ရုံသက်သက်ပါဘဲး)။သွားကြည့်တဲ့ထဲ ဖယောင်းတိုင် ကိုင်သူတွေကနည်းနည်း (ကိုယ်အပါအ၀င်) ဘေးကရပ်ကြည့်နေသူတွေက များများပါ။

အတော်စည်ကားပါတယ်။

ရေးတာတော့ရေးပါ။သူများဆိုင် ပျက်စီးရအောင်တော့..


ဒီနေ့..ကိုယ့်ဆန္ဒကိုယ်ဖော်ထုတ်ကြတယ်ဆိုတာ..ဒီလိုပါ။တစ်စုံတစ်ဦးက သူ့ရင်ထဲမှာရှိတဲ့၊ သူပြောချင်တဲ့ စကားကို သာမာန်ထက် နည်းနည်းခပ်ကျယ်ကျယ် ပြောလိုက်ရင် သူ့နားကို သတင်းထောက်တွေကော လူတွေအား လုံးပါ ရောက်လာကြပါတယ်။ပြောချင်တာပြောပြီးရင် သတင်းထောက်တွေက သူတို့သိချင်တာ နည်း နည်းပြန်မေးပေါ့။ ပြီးရင် အားလုံးက လက်ခုပ်ဝိုင်းတီးကြပါတယ် ။ဒါပါဘဲး)။

တစ်ယောက်ယောက်က “ဟိုနေရာမှာဟေ့”ဆို..အပြေးအလွှားသွားကြ၊ ဒီနေရာဟေ့ဆို အပြေး အလွှာ ပြန်လာလိုက်ကြနဲ့တတ်ကြွနေကြပုံများ...း)

“လုံထိန်း”တွေလား..? ရှိပါတယ်။ ကားလမ်းရှင်းပေးနေကြတာ။ သူတို့အချင်းချင်းတော့“ ကြားလား ကြားလား ကြားရင်အကြောင်းပြန်၊ ခြေနေဘယ်လိုရှိလဲ”... ဒါလောက်ပါဘဲ။(အဟမ်း..)

တစ်ယောက်ယောက်က ပြောလိုက်ရင် အဲသလို ၀ိုင်းအုံးသွားကြတာ..

ဒါက..နောက်တစ်ဦး..အနားရောက်တော့ အံ့သြရပါတယ်။ဘယ်သူတွေလို့ထင်ပါသလဲ?

စိတ်ဝင်စားနေတဲ့လူအုပ်ကြီး..


မီးမလာ.၊ရေမရလို့ မြို့ပေါ်တက်လာတဲ့ တောင်သူဦးကြီးများပါ။“တစ်ချို့တွေက ကိုယ်တိုင်ခက်ခဲနေလည်း မပြောရဲကြဘူး။ကျုပ်တို့ကတော့ ကိုယ့်အခက်ခဲကိုယ်ပွင့်ပွင့်လင်းလင်းပြောရမှာဘဲ ခင်ဗျားတို့ရိုက်ချင်လည်း ရိုက်သွားကြ..မျက်နှာပါ ပါအောင်ရိုက်ကြ”တဲ့..။


ပုံတွေထပ်ကုန်ရင် ဆောတီးပါ။မထပ်ဘူးလို့တော့ ထင်တာပါဘဲး)

မျက်နှာကြီးပေါ်လာလို့ ဖမ်းအုပ်ရပါသေးတယ်။
(တစ်ခါ မန္တလေးမစိုးရိမ်ကျောင်းတိုက်ကြီး ရေကြီးတော့ အဲလိုလေးတွေ အုပ်ထားတာတွေ့မိလို့ သဘောကျသွားတာ။ကျေးဇူးပါအစ်မ...း)

လူများပြီး ပွဲစည်တား)

အသွားတုန်းက ရိုက်တာပါ။ တင်လိုက်တော့ အောက်ဆုံးရောက်သွားတယ်


“အစ်မ ... ပါလား”
“ဟင့်အင်း..မပါဘူးညီမ..အစ်မတို့က..ကြည့်ရုံဘဲလာတာ”း)






တစ်ဖက်ကလည်း ရှိတုန်းကတော့ ပိုလျှံနေတယ်ပြောပြီး..မရှိတော့မှ ပြည်သူပေးတဲ့ပြစ်ဒဏ် ခံယူ မယ်ပြောပါ တယ်။ရှိခဲ့တုန်းကရော (အခု) မရှိလာတဲ့ အခြေနေထိအောင်...အကျိုးဆက်ချင်း၊ခံစားရတာချင်း တူနေပေမယ့် အပြစ်မ ဆိုသာ ...း)

တစ်ဖက်ကလည်း နှစ်ပေါင်းဆယ်စုနှစ်ကျော်(မတတ်သာလို့) မသိချင်ယောင်ဆောင်၊ ဘာသိ ဘာသာ နေခဲ့ ရသမျှ ခံစားချက်တွေ ထုတ်ဖော်ကြတာ..။သူတို့ လိုချင်တာလေးတွေ (တကယ်)လိုအပ်နေတာတွေကိုပါ။ ဒါကြောင့်မို့ အပြစ်မတင်ရက်..း)


တစ်ယောက်နဲ့တစ်ယောက်  (ပြည်သူ ထဲက ပြည်သူ ချင်း ချင်းတွေဘဲမို့) ကူညီနားလည် ဖေးမမှုတွေနဲ့ တစ်ဦး လိုအပ်ချက်ကို တစ်ဦး (တတ်နိုင် သလောက်)ဖြည့် ဆည်းပေးစေချင်ပါတယ်။ညှိညှိနှိုင်းနှိုင်းလေး လုပ်ကြပါ။ ဓာတ်ဆီ၊ဒီဇယ်ဖိုး မတတ်နိုင်တော့လို့ပါ။း)



ချစ်ခင်လေးစားလျှက်

Saturday, April 21, 2012

ငြိမ်းအေးသောဘ၀ပိုင်ရှင်



လူတိုင်းသည်ငြိမ်းအေးသော ဘ၀ကို ပိုင်ဆိုင်လိုကြသည်။
ငြိမ်းအေးသောဘ၀ကို ရရှိရန်ကြိုးစားရင်း ပူလောင်သောဘ၀များကိုသာ ထပ်ခါ ထပ်ခါ ရရှိနေကြရသည်။
အဘယ်ကြောင့်ပါနည်း။
အနာနှင့်ဆေး တခြားစီဖြစ်နေသောကြောင့်ဟူသော အဖြေသည်သာ အမှန်ဆုံးဖြစ်ပေမည်။
လူသားတိုင်းသည် စား၊၀တ်၊နေ၊ရေး အတွက်အလုပ်လုပ်နေကြရသည်။ ချမ်းသာသောသူဖြစ်စေ၊ ဆင်း ရဲ သောသူဖြစ်စေ၊မည်သည့် လူတန်းစားမဆို စားသောက်ရေး၊ ၀တ်ရေးနှင့်နေရေး တို့ သာ ဆောင် ရွက် နေကြရသည်မှာ တစ်ရက်မဟုတ်၊နှစ်ရက်မဟုတ် နိစ္စဓူဝအလုပ်ဖြစ်သည်။
 
စားရန်အဆင်သင့်ရှိသူ - မရှိသူ၊
ဝတ်ရန်အဆင်သင့်ရှိသူ - မရှိသူ၊
နေရန်အဆင်သင့်ရှိသူ  - မရှိသူ
 
ထိုရှိသူနှင့်မရှိသူအကြား ပို၍စွမ်းဆောင်လုပ်ကိုင်ရခြင်းသာကွာခြားသည်။သူဌေးဖြစ်စေ၊ဆင်းရဲသားဖြစ်စေ၊ လူလတ်တန်းစားဖြစ်စေ၊ပညာတတ်သူဖြစ်စေ၊ပညာမဲ့သူဖြစ်စေ၊ထို..စားဝတ်နေရေးအတွက်-
ကိုယ်ခန္ဓာကို လှုပ်ရှားမှုပြုကြရသည်၊
နှုတ်မှ ဖွင့်ဟပြောဆိုကြရသည်
စိတ်မှကြံစည်တွေးတောကြရသည်။
စာစကားဖြင့်ပြောရမည်ဆိုလျှင်-
ကိုယ်ခန္ဓာလှုပ်ရှားပြုမူခြင်းသည် ကာယကံ၊
နှုတ်မှပြောဆိုရခြင်းသည် ၀စီကံ၊
စိတ်မှကြံစည် တွေးတောရခြင်းသည် မနောကံ သာဖြစ်သည်။
 
ထို့ကြောင့် လူသားတိုင်း၏ နေ့စဉ်အလုပ်မှာ- ကာယကံအလုပ်၊၀စီကံအလုပ်၊ မနောကံအလုပ် ဟူသော-အလုပ်-၃မျိုးကလွဲ၍ ဘာမျှမရှိပေ။
ထိုအလုပ်၃-မျိုးကို (လုပ်ကိုင်ပြုမူ၊ပြောဆို၊ကြံစည်ပုံ) ပုံစံအမျိုးမျိုးဖြင့် လုပ်ကိုင်နေကြသဖြင့် ကြေကွဲကြရ၏။ ၀မ်းနည်းကြရ၏။ငိုကြွေးကြရ၏။စိတ်ဆင်းရဲကြရ၏။ဝမ်းမြောက်ဝမ်းသာဖြစ်ကြရသည်။ကျေနပ်ပီတိဖြစ်ကြရ၏။
ဆိုရသော် မိမိတို့ပြုလုပ်သော ကာယကံ၊၀စီကံ၊မနောကံများက ငြိမ်းအေးသော ဘ၀ပိုင် ရှင် လည်း ဖြစ်နိုင် ၏၊ ပူလောင်သော ဘ၀ပိုင်ရှင်လည်းဖြစ်နိုင်၏။ မည်သည့်လူသားမဆို ငြိမ်းအေးသော ဘ၀ပိုင်ရှင်သာ ဖြစ်လို သည့် ဆန္ဒရှိကြ၏။ပူလောင်သော ဘ၀ကိုမလိုချင်။
 
သို့သော်..ပူလောင်သောဘ၀ကို မလိုချင်ဟုသာပြောနေသည်။တကယ်တမ်း ထိုသူပြုမှုနေသည်က ပူလောင် သော ဘ၀ပိုင်ရှင်ဖြစ်ရန်..သူ၏ ကာယကံ၊၀စီကံ၊မနောကံတို့ကို(နည်းလမ်းမှားဖြင့်) အသုံးချနေ သည်ကို တွေ့ရပေသည်။
ပူလောင်သောအတွေးကို ပါဠိတော်တွင်မိစ္ဆာသင်္ကပ္ပဟု ပြဆိုသည်။
မှားသောအတွေး၊မှားအကြံအစည်ကိုတွေးမိ၊ကြံမိပြီဆိုလျှင် မှားသောစကား၊မှားသောအပြောအဆို ဖြစ်လာ ကြရသည်။ဒါကိုပင် ပါဠိတော်၌မိစ္ဆာ၀ါဆာ(မှားယွင်းသောစကား)ဟု ဖော်ပြထားခြင်းဖြစ်သည်။
အပြောကိုအလုပ်ဖြင့် သက်သေပြ၏။
 
မှားသောအပြောအဆိုသည် မှားသောအားစိုက်လုပ်ဆောင်မှုကိုဖြစ်စေသည်။မိစ္ဆာ၀ါယမ(မှားသောကြိုးစား အားထုတ်မှုပြုလုပ်မှု)ဖြစ်သွားပြီဆိုလျှင်…ပူလောင်သော ဘ၀ကို ပိုင်ဆိုင်ရန် အခွင့်အရေးကို ပိုင်ပိုင် နိုင်နိုင် ရရှိသွားပေတော့သည်။
 
ကဿပဘုရားရှင်လက်ထက်က အင်မတန်ကြီးပွားချမ်းသာလိုသော လယ်သမားတစ်ဦးသည် ကြီးပွားတိုးတက် ချင်သောစိတ်ဆန္ဒကြောင့် အလုပ်ကိုသာဖိဖိစီးစီး ကြိုးစားလုပ်ဆောင်သည်။ အခြားသူများက လှူဖွယ်ဝတ္ထု၊ ပန်းနံ့သာများသယ်ဆောင်၍ ကဿပဘုရားရှင်ထံ တရားနာရန် သွားကြသောအခါ ထိုလယ်သမားကို အတင်းစည်းရုံးခေါ်ဆောင်ကြသည်။ ထိုလယ်သမားကြီးကား စိတ်ဆိုးဒေါသထွက်ကာ မိမိအား တမင်သက်သက် အလုပ်ချိန်ပျက်အောင် လုပ်သည်ဟုယူဆကာ” တရားလိုက်နာပေမယ့် မင်းတို့ဘုရားက ငါ့ကိုမကယ်ဘူး၊ ငါ့လယ်ကို သူဝိုင်းထွန်မှာမဟုတ်ဘူး။ ငါ့လယ်ကိုငါပဲထွန်ရမှာ တရားနာလို့စီးပွား ပျက်ရုံရှိတော့မပေါ့” ဟု…ကဿပဘုရားကို ၀စီကံနှင့်ပြစ်မှား ခဲ့လေသည်။ထိုလယ်သမားကြီးသေလွန်သော်…
ကျောက်ကမ်းပါးယံကိုသံထွန်သွား၊သံထွန်တုံး၊သံကြိမ်လုံးများဖြင့်(သူ့စိတ်ထဲဖြစ်ပေါ်နေသော)တကယ်မရှိသည့်
နွားကိုမောင်းကာ လယ်ထွန်နေရရှာသည်။ ပြိတ္တာဘ၀သို့ရောက်ခဲ့ပေသည်။ ဘာအစာမျှလည်း မစားရ ၊ရေ လည်း မသောက်ရ၊တကယ်လည်းစိုက်ပျိုးမရပေသော်ငြား အငတ်ငတ်အပြတ်ပြတ်နှင့်ထွန်ပြီးရင်း ထွန်နေရ ရှာသည်။
မှန်သောအတွေးသည် အဓိကကျသည်။
မှန်သောအတွေးရှိဖို့၊မှန်သောအယူရှိဖို့ လိုအပ်သည်။
 
သမ္မာဒိဋ္ဌိ မှန်သောအယူအဆကို လက်မခံထားသ၍ မှန်သောအတွေးဖြစ်မလာမှာသေချာသည်။ ကမ္ဘာပေါ်တွင် ယနေ့လူသားပေါင်းသန်း ၆၅၀၀ကျော်ရှိနေသည်။ ထိုလူသားများတွင်အများ စုသည်စိတ် ဆင်းရဲကြရ၏။ ကိုယ် ဆင်းရဲနေကြရ၏၊အဖြေမှန်ကိုမရှာနိုင်သဖြင့် ကမ္ဘာပေါ်တွင်စစ်ပွဲပေါင်း များစွာနေရာ အနှံ့ဖြစ်ပွားလျှက်ရှိနေ ရ၏။နေရာကိုကျဉ်းပြီးကြည့်မည်ဆိုပါက ရပ်ကွက်တစ်ခုတွင် အ ဘယ်ကြောင့် မိသားစုတစ်စုနှင့်တစ်စု မနာလို၊ ၀န်တိုဖြစ်နေကြရသနည်း။ ရန်ဖြစ်(ဆဲဆို)နေကြရသနည်း။ ခိုက်ရန်ဒေါ သဖြစ်ပွားနေကြရသနည်း။ထပ်ပြီးနေရာကိုချုံ့ကြည့်မည်ဆိုလျှင်…
 
မိသားစုတစ်စုထဲ၌ပင်--တစ်ယောက်နှင့်တစ်ယောက် ညီအစ်ကို ၊မောင်နှမအချင်းချင်း၊ သားနှင့်အမိ၊ သမီးနှင့်အဖ၊ မြေးနှင့်အဖိုး၊လင်နှင့်မယားကြား ပြဿနာများစွာရှိနေကြသည်။အဆင်မပြေမှုတွေရှိနေကြသည်။ ထိုသို့ အဆင်မပြေမှုများကြောင့်အော်ကြီးဟစ်ကြယ်ငိုကြွေးသူလည်းရှိ၏။လူမသိစေလို၍ကြိတ်ရှိုက်သူလည်း ရှိ၏။ အသားများတဆတ်ဆတ်တုန်အောင် စိတ်ခံစားကြရသူများလည်းရှိ၏။အဘယ်ကြောင့်ထိုသို့ဖြစ်ရသည် ကိုမူ အဖြေမရှာကြ။ထစ်ခနဲဆိုလျှင်ငိုဖို့၊ရယ်ဖို့၊ဒေါသဖြစ်ဖို့၊ရယ်မောဖို့၊ကြေကွဲဖို့၊၀မ်းနည်းဖို့သာ...။
အဆင်ပြေလျှင် ပြေသလို၊
အဆင်မပြေလျှင် မပြေသလို၊ … များသောအားဖြင့် ဆင်းရဲသောမိသားစုများသည် အဆင်ပြေမှု၊မပြေမှုကို မိသားစု စား၊၀တ်၊နေရေးနှင့် တိုင်းတာကြ၏။တကယ်တော့ စား၊၀တ်၊နေ၊ရေးအဆင်ပြေရုံဖြင့် ချမ်းသာ၊ သုခငြိမ်း အေးသော ဘ၀ကိုပိုင်ဆိုင်နိုင်ကြပြီလား။
 
ချမ်းသာသော လူတန်းစားများကို ကြည့်လျှင် စား၊၀တ်၊နေရေး ပူပင်ရသည်မဟုတ်၊သို့ရာတွင် ထိုမိသား စု များ တွင်လည်းအဆင်မပြေမှုများရှိနေသဖြင့် ငြိမ်းအေးသောဘ၀ကိုမပိုင်ဆိုင်ကြရရှာပေ။ ငြိမ်းအေး သော ဘ၀ ပိုင်ရှင်ဖြစ်ရန်၊မည်သို့ဆောင်ရွက်ကြရမည်နည်း။တကယ်တော့.. ထေရ၀ါဒဗုဒ္ဓဘာသာဝင်များအဖို့ လမ်း ရှိပါ လျှက်၊လမ်းပေါ်ရောက်နေပါလျှက် လမ်းပျောက်နေကြသူများသာဖြစ်ပေသည်။လွန် ခဲ့ သောနှစ်ပေါင်း ၂၅၀၀-ကျော်ကတည်းက..မြတ်စွာဘုရား၏ သစ္စာ၎-ပါးမြတ် တရား အထင် အရှား ပေါ်ထွန်းခဲ့ ပါ လျှက် ဘုရားရှင်လက်ထက်တော်ကပင် ဗုဒ္ဓသာသနာနှင့် လွဲချော်ခဲ့ ရသူများ စွာရှိခဲ့ေ ပသည်။မိမိအားသတ်ဖြတ်ရန် ရန်သူကလက်နက်ကိုင်စွဲ ကာတရ ကြမ်းလိုက် လာနေစဉ် မိမိဖက် ကပြေးစရာ လမ်းလည်း ရှိနေပါ၏။ သို့ပါ လျှက်မိမိကမပြေးခဲ့ပါမူ လမ်းရှိပါ လျှက် အပြေး ခက်နေ သည့်မိမိမှာသာ တာ ၀န်ရှိပေမည်။
 
ထို့အတူ မိမိ၏လက်နှစ်ဖက်တွင် အညစ်အကြေးများပေ ကျံလျှက်ရှိသည်။ဆေးကြော စရာ၊ သန့် ရှင်းသော ရေကလည်း အသင့်ရှိနေပါလျှက် မိမိဖက်ကဆေးကြောရန်ပျက်ကွက်ခဲ့ပါမူ မိမိစိတ်ဆန္ဒ က သာ အညစ် အကြေး ကို နှစ် သက်တွယ်တာ၍သာဖြစ်ပေသည်။
 
♦♦♦♦♦♦♦♦♦
 
ထေရ၀ါဒဗုဒ္ဓဘာသာဝင်များအဖို့ ငြိမ်းအေးသောဘ၀ပိုင်ရှင်ဖြစ်စေရန် နည်းလမ်းကောင်းများအဆင်သင့် ရှိနေပါသည်။သို့သော်ထိုလမ်းစဉ်ကို မလိုက်နာသူအဖို့ ပူလောင်သောဘ၀ ပိုင်ရှင်ဖြစ်ရသည်မှာ မဆန်းလှပါ..။ ပို၍ဆိုးဝါးသည်မှာ ယခုဘ၀တွင်သာ ပူလောင်သော ဘ၀ကိုပိုင်ဆိုင်ရသည်မဟုတ် သံသရာ အဆက်ဆက်၊ ဘ၀အဆက်ဆက် ၃၁-ဘုံ တွင် ရေစုန်ရေ ဆန်မျောရင်း လမ်းစဉ်မဲ့၊ ပန်းတိုင်မဲ့ ဘ၀ ကို ရောက်ရှိသွားခဲ့ကြလျှင် ဘုရားပွင့်ရ ကျိုးမနပ် သကဲ့သို့ လူဖြစ်ရကျိုးလည်းမနပ်ဟုသာ ဆိုရပေမည်။
မြန်မာနိုင်ငံသည်ဗုဒ္ဓဘာသာနိုင်ငံတစ်ခုဖြစ်သည်။ကမ္ဘာအလယ်တွင်ဗုဒ္ဓဘာသာကိုးကွယ်သည့်နိုင်ငံ၊ ဗုဒ္ဓဘာသာ ကိုစနစ်တကျထိန်းသိမ်းစောင့်ရှောက်သည့်နိုင်ငံအဖြစ် ထင်ရှားကျော်ကြားသည်။ တကယ်တမ်း အတွင်း ကျကျ ဗုဒ္ဓဘာသာကိုးကွယ်မှုကိုလေ့လာမည်ဆိုလျှင်-
 
၁။သစ္စာ၎-ပါးတရားကလွဲ၍မည်သည့်အယူအဆကိုမျှလက်မခံသည့်ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်။ သိလဲသိ၊ ကျင့်လဲကျင့်သောဗုဒ္ဓဘာသာ၊
၂။သစ္စာ၎-ပါးတရားကိုသိပါ၏။ထို့ကြောင့် တခြားအယူဝါဒကိုလက်မခံ။သို့သော်သိသည့်အတိုင်း မူမကျင့် သည့် ဗုဒ္ဓဘာသာ၊
၃။သစ္စာ၎-ပါးတရားကို ကောင်းစွာနားမလည်၊ကောင်းစွာသဘောမပေါက်။သို့သော် မိရိုးဖလာအရ ဗုဒ္ဓ ဘာ သာဖြစ်သဖြင့်ဗုဒ္ဓဘာသာ၊ဗုဒ္ဓ၀ါဒကိုးကွယ်သူအဖြစ်ခံယူ၏။အခြေအနေအရဘုရားရှိခိုး၏။ဥပုဒ်စောင့်၏။ ဒါနပြု၏။ ပုတီးစိပ်၏။ထိုအရာလောက်မျှနှင့်မိမိကိုယ်ကိုမိမိဗုဒ္ဓဘာသာဟုထင်မြင်ထားသူ၊
၎။ထေရ၀ါဒဗုဒ္ဓဘာသာ၏အနှစ်ကိုလည်းနားမလည်၊အကာကိုလည်းမသိ။အစဉ်အလာအရ ရတနာ၃-ပါးရှိခိုး၏။ အနေန္တော၊အနေန္တငါးပါးကိုရိုသေ၏။မီးကပ်၊ပန်းကပ်၊ရေချမ်းကပ်ဖြင့်လောက်သာကျေနပ်နေသူဗုဒ္ဓဘာသာ၊
၅။မိရိုးဖလာအရ ဗုဒ္ဓဘာသာအမည်ခံထား၏။မိမိဘ၀(ပစ္စုန်ပ္ပန်အကျိုးကိုကြည့်ပြီး)ဆည်းကပ်သူဗုဒ္ဓဘာသာ၊
၆။ဗုဒ္ဓဘာသာအမည်ခံထားသော်လည်း မဟာယာနအယူဝါဒ(ဖြစ်သော)နတ်လည်းယုံကြည်၏။မိမိအကျိုး၊ မိသားစုအကျိုးအတွက်မည်သည့်ကိုးကွယ်မှုမဆို လက်ခံရန်ဝန်မလေးသောဗုဒ္ဓဘာသာ
{သစ္စာလေးပါး - ဒုက္ခသစ္စာ(ဆင်းရဲခြင်းအမှန်တရား)၊သမုဒယသစ္စာ(ဆင်းရဲကြောင်း အမှန်တရား) ၊ နိရောဓသစ္စာ(ဆင်းရဲငြိမ်းရာအမှန်တရား)၊မဂ္ဂသစ္စာ(ဆင်းရဲငြိမ်းရာနိဗ္ဗာန်ရောက်ကြောင်းအကျင့်မှန်တရား)}  
 ထေရ၀ါဒဗုဒ္ဓဘာသာဟု ခံယူထားလင့်ကစား ဗုဒ္ဓချက် မှတ်ထားသောပန်းတိုင်၊ ဗုဒ္ဓချက်မှတ် ထားသော လမ်းစဉ်တိတိကျကျရှိနေပါလျှက်၊နံပါတ်၆-အမျိုးအစားဗုဒ္ဓဘာသာများ. .များပြား လာခြင်းကား ၀မ်း နည်း စရာကောင်းလှပါသည်။
 
မြတ်စွာဘုရားရှင်လက်ထက်တော်က သုပ္ပဗုဒ္ဓဟူသော နူနာသည်တစ်ဦးရှိခဲ့ဖူးသည်။ဘ၀အဆက်ဆက်က ကံ,ကံ၏အကျိုးပေးကြောင့်နူနာသည်ဘ၀ဖြင့် အသက်ရှင်နေထိုင်ရသလို လူတော သူတော မတိုးရဲ သဖြင့် မြတ်စွာဘုရားသာသနာအထင်အရှားရှိပါလျှက်(သာသနာတော်နှင့်)ဝေးကွာနေခဲ့ရသည်။တစ်နေ့တွင် မြတ်စွာ ဘုရား၏တရားပွဲတစ်ခု၌ပရိတ်သတ်နှင့်ဝေးလံသောနေရာမှာသစ္စာ၎-ပါးတရားကိုနာယူခွင့်ရခဲ့သည်။ တရားပွဲအပြီး၌မူ သိကြားမင်းကဆေးဆရာဟန်ဆောင်၍တစ်သက်လုံးခံစားနေရသောနူ နာကိုပျောက်အောင် ကုသေ ပးမည်။မြတ်စွာဘုရားဟောကြားသောတရားသည် တရားအစစ်မဟုတ်၊ ဘုရား သည် ဘုရားအစစ်မဟုတ် ဆိုသည့် စကားနှစ်ခွန်းကိုထွက်ဆိုခိုင်းသည်။သုပ္ပဗုဒ္ဓက လက်မခံ။ သိကြားမင်း က ရွှေငွေကျောက်သံပတ္တမြားများဖြင့် ဖျားယောင်းပြီးပြောခိုင်း၏။ သုပ္ပဗုဒ္ဓလက်မခံ ။ရောဂါဝေ ဒနာ ပျောက် ကင်းစေရန်နှင့်ကျောက်သံပတ္တမြားရွှေ၊ငွေ များပါပေမည်။ထိုစကားနှစ်ခွန်းသာပြောပါ ဆိုသော် လည်း လက် မခံ။(စာဖတ်သူတို့အဖို့စဉ်းစားသင့်သည်။)
 
တစ်ချို့ဘာသာရေးအဖွဲ့အစည်းများက လယ်၊ယာ၊ကျွဲ၊နွားများပေး၍ သူတို့ဘာသာထဲ သွတ် သွင်း ကြသည်။ ရောဂါဝေဒနာများပျောက်ကင်းရေးအတွက် အခြားဘာသာများကို ဆည်းကပ်ကြသည်။ အင်း၊ အိုင်၊ခလဲ့၊မန္တန်း၊ ယန္တရား၊ယတြာ၊အစီအမံများပြုလုပ်ကြ၏။စီးပွားရေးအဆင်မပြေသဖြင့် အခြား ဘာ သာများ ကိုကိုး ကွယ်ကြ သည်။ သည်တော့… အမည်ကသာ ဗုဒ္ဓဘာသာဖြစ်၏။
 
ကိုးကွယ်ဆည်းကပ်နေကြသည်က-
အုန်းသီးလည်းခွဲ၏။နွားနို့လည်းပူဇော်၏။သံပုရာသီးလည်းလှူ၏။ဒူးထောက်၍လည်းအရိုအသေပြု၏။မီးလည်းနင်း၏။
ယတြာလည်းပြု၏။ဗုဒ္ဓဘာသာနှင့်တူတာ ဘာများကျန်ပါသေးသနည်း။ ဒါကိုပင်..ထိုသူတို့၏နှုတ်မှ သူတို့ ကိုယ်သူတို့ ဗုဒ္ဓဘာသာ ဟု ကြွေးကြော်နေ ကြသည်မှာစိတ်မကောင်းဖြစ်ဖွယ်အတိပင်ဖြစ်ပေသည်။
ထိုအဖြစ်များမှ လျော့ ပါးသွား စေရန်… လမ်းမှန်ပေါ်ပြန်ရောက်စေရန်ရည်သန်၍ ဥပမာ၊သာဓကများဖြင့် ပုံ ဆောင်ပြခြင်းဖြစ်ပေ တော့ သည်။

အရှင်ဓမ္မရက္ခိတ၏ "လမ်းပေါ်မှာ လမ်းပျောက်နေသူများ" စာအုပ်မှ...
ဓမ္မစာစုအချို့အား ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။ 


တစ်စုံတစ်ခု လွဲချော်မှားယွင်းမှုများရှိနေပါလျှင်(စာအုပ်ထဲမှ)ဖြတ်ညှပ်ကပ်ထားသော သမီးစံအမှားသာ ဖြစ်ပါသည်။


ဧပြီလအတွက် နောက်ဆုံးပို့စ်ဖြစ်ပါ၍..တစ်နေ့တစ်ကြောင်းနှုန်းသော်လည်းကောင်း၊တစ်ပိုဒ်နှုန်းသော်လည်းကောင်း နည်းနည်းချင်းစီ မြည်းစမ်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။း))


တရားထူး၊တရားမြတ်များ ရရှိ၊ကျင့်သုံးနိုင်ကြပါစေ...


ချစ်ခင်လေးစားလျှက်

Sunday, April 15, 2012

မရမ်းချောင်းအလှု မှတ်တမ်းဓါတ်ပုံများ(၃)နှင့် အလှုစာရင်းရှင်းတမ်း

အားလုံးမင်္ဂလာပါခင်ဗျား။အလှုရှင်များရဲ့ စေတနာသဒ္ဒါတရားထက်သန်မှုကြောင့် MMYGရဲ့ ဒုတိယအလှုဖြစ်တဲ့ မရမ်းချောင်း အလှုဟာ အောင်မြင်စွာ ပြီးဆုံးခဲ့ပြန်ပါပြီ။အလှုဓါတ်ပုံများကို ကြည့်ရှုရခြင်းအားဖြင့် အလှုရှင်များအနေနဲ့လည်း မိမိတို့ရဲ့အလှုနဲ့ MMYG လူငယ်များရဲ့ ဆောင်ရွက်ခဲ့ပုံကို အတိုင်းအတာတစ်ခုထိ ကျေနပ်နိုင်ကြလိမ့်မယ်၊ ပီတိဖြစ်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျား။ မရမ်းချောင်းအလှုအတွက် အွန်လိုင်းကနေ အလှုခံကြော်ညာကိုတွေ့ပြီး ယုံကြည်စွာလက်တွဲ လှုဒါန်းပေးခဲ့တဲ့ အလှုရှင်များရဲ့ သဒ္ဒါတရားထက်သန်မှု ၊ MMYG လူငယ်များအပေါ် ယုံကြည်မှုကို ကျွန်တော်တို့အဖွဲ့က အမြဲ မှတ်တမ်းတင်ထားမှာပါ။ဒီနှစ်ထဲမှာမှ စပြီးလုပ်ဖြစ်ခဲ့ကြလို့ တစ်ချို့ နေရာလေးတွေမှာ နည်းနည်း ကို့ရို့ ကားယား နိုင်တာလေးတွေကိုလည်း ခွင့်လွှတ်ပေးစေချင်ပါတယ်။ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့အလှုဟာ နိုင်ငံအရပ်ရပ်က အလှုရှင်တွေရဲ့အလှုပါ။ အဲတာကြောင့် မရမ်းချောင်းအလှုအတွက် နိုင်ငံအရပ်ရပ်မှ အလှုရှင်များအားလုံးအား ကျေးဇူးတင်ကြောင်း ဦးစွာ ပြောပါရစေ။မရမ်းချောင်းအလှုနဲ့ ပါတ်သတ်ပြီး ကျွန်တော်တို့မှာ ထပ်ဆင့်ပြောစရာတွေ အမှတ်တရတွေ တော်တော် များများကျန်ရစ်ခဲ့ပါတယ်။

Sunday, April 8, 2012

မရမ်းချောင်းအလှူပြီးစီးခြင်း မှတ်တမ်းတင်ဓာတ်ပုံများ(၂)

ဆက်ပါအုံးမယ်ခင်ဗျား။နှင်းဆီရင်ခွင်အဖွဲ့သားတွေ ပြောသလို ပြောရရင်တော့ မြန်မာပြည်က အလှုဓါတ်ပုံများ ကျွန်တော်တို့ဆီရောက်အောင် ပို့နိုင်ဖို့ “မီးးးးစက် လိုပါတယ်ခင်ဗျား”။တစ်ခုကောင်းရင် တစ်ခု ဆုတ်ယုတ်တဲ့ ဓမ္မတာအရ မီးလည်း လာရော လှည်းတန်းက ဂုံးကျော်တံတားတည်ဆောက် ရာမှာ ဒီနေ့ပဲ မြေတွေတူးတယ်လို့ သိရပြီး အင်တာနက်လိုင်း ထပ်မံပြတ်တောက်ပါတယ်။အကယ်၍ ကျွန်တော်မနက်ဖန်မှာ အလှုစာရင်းရှင်းတမ်း မတင်ပေးနိုင်သေးရင် သည်းခံပြီး ခဏစောင့်ပေးကြပါအုံးလို့ အလှုရှင်များအား မေတ္တာရပ်ပါတယ်။
မရမ်းချောင်း ဧည့်သည်မှတ်တမ်း
 မုဒိတာအလှုရှင်အားလုံးရဲ့ကိုယ်စား white board မှာ အမည်ရေးထိုးပါတယ်။
အလှုပစ္စည်းများနဲ့ အလှုခံအဖိုးအဖွားများ

ဝှီးချဲလ်ဆယ်စီးပါ..။
ခြေထောက်လေးများရဲ့ အလှုရှင်များ ဖြစ်ပါတယ်ခင်ဗျား..။

၁။ကိုငြိမ်းချမ်း (ဂျပန်နိုင်ငံ)၊ ၂။အရှင်ဇနက @ အင်္ဂါမောင် (ဗြိတိန်)

၃။မနိုင်းနိုင်းစနေ (အမေရိကန်နိုင်ငံ)၊ ၄။မချစ်စံအိမ် (မြန်မာနိုင်ငံ)

၅။ ဦးချစ်ထွန်း + ဒေါ်အိနန်း (သမီး) မစန်းစန်းခိုင် (စင်ကာပူ)၊၆။ဦးကိုကိုနိုင်+ဒေါ်မြင့်သဲစုစံ(သား)မောင်ဇွဲလုလင်နိုင် (စင်ကာပူ)
၇။မဟေမာမြတ်ခိုင်၊ မနန္ဒာထွန်း (ဗြိတိန်)၊ ၈။မမီမီသန်းဌေး (ဂျပန်)
၉။ZYL & KPS (စင်ကာပူ)၊ ၁၀။နိုင်ချစ်စိန် + မိအုံးရီ (သမီး) မိမြစန္ဒာ (စင်ကာပူ)
ဝှီးချဲလ်အလှုရှင် ကိုငြိမ်းချမ်း (ဂျပန်နိုင်ငံ) နှင့် အရှင်ဇနက @ အင်္ဂါမောင် (ဗြိတိန်)တို့ ကိုယ်စား ကျော်စွာစိုးမြတ်မှ လှုဒါန်းပေးပါတယ်။
ဝှီးချဲလ်အလှုရှင် ဦးချစ်ထွန်း + ဒေါ်အိနန်း (သမီး) မစန်းစန်းခိုင် (စင်ကာပူ)နှင့် ဦးကိုကိုနိုင်+ဒေါ်မြင့်သဲစုစံ (သား)မောင်ဇွဲလုလင်နိုင် (စင်ကာပူ)တို့ ကိုယ်စား ကိုကြည်လှိုင်ဝင်းမှ ပေးလှုခဲ့ပါတယ်။
ဝှီးချဲလ် အလှုရှင် မနိုင်းနိုင်းစနေ (အမေရိကန်နိုင်ငံ) နှင့် မချစ်စံအိမ် (မြန်မာနိုင်ငံ)တို့ကိုယ်စား သမီးစံမှ ပေးလှုခဲ့ပါတယ်။
ဝှီးချဲလ်အလှုရှင် ZYL & KPS (စင်ကာပူ) နှင့် နိုင်ချစ်စိန် + မိအုံးရီ (သမီး) မိမြစန္ဒာ (စင်ကာပူ)တို့ကိုယ်စား MMYG မှ ညီမငယ်တစ်ဦးမှ ပေးလှုခဲ့ ပါတယ်။
ဝှီးချဲလ်အလှုရှင် မဟေမာမြတ်ခိုင်၊ မနန္ဒာထွန်း (ဗြိတိန်) နှင့် မမီမီသန်းဌေး (ဂျပန်)တို့ကိုယ်စား ဖိုးတာမှ လှုဒါန်းပေးခဲ့ပါတယ်။
မရမ်းချောင်းဂေဟာ မီးရရှိရေးအတွက် အလှုရှင်များအားလုံးကိုယ်စား MMYG လူငယ်များနှင့် FEEL Restaurant Group တာဝန်ရှိသူများမှ မတည်ငွေ ကျပ်၁၀သိန်းအား ဂေဟာမှုးကို ပေးလှုပါတယ်။
မရမ်းချောင်းဂေဟာရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပဒေသာပင်ထဲသို့ အလှုရှင်များအားလုံး ကိုယ်စား MMYG လူငယ်များနှင့် FEEL Restaurant Groupမှ တာဝန်ရှိသူများက ကျပ် (၁၁)သိန်းအား ဂေဟာမှုးသို့ ထပ်မံလှုဒါန်းပါတယ်။

ဂေဟာမှုးမှ  ဂုဏ်ပြုမှတ်တမ်းလွှာကို အလှုရှင်များကိုယ်စား MMYG သို့  ပြန်လည်ပေးအပ်ပါတယ်။
မရမ်းချောင်းဂေဟာ မီးရရှိရေးအတွက် မတည်ငွေ ကျပ်ဆယ်သိန်း လှုဒါန်းနိုင်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု ပဒေသာပင်ထဲသို့ ကျပ် ဆယ့်တစ်သိန်း နှစ်ခုပေါင်း ငွေသား ကျပ် နှစ်ဆယ့်တစ်သိန်းတိတိ လှုဒါန်းနိုင်ခဲ့ပါတယ်ခင်ဗျား။အစောပိုင်းက သူတို့ဈေးဝယ်ရင် ဆိုင်ကယ်ရီခ မတန်တဆ ပေးရတယ်ဆိုတာကြောင့် ၀ယ်လှုဖို့ စီစဉ်ခဲ့သော်လည်း ဂေဟာမှာ ရှိပြီးသား ဖြစ်နေပြီ ဖြစ်တာကြောင့် အလှုငွေချည်းပဲ လှုဒါန်းပေးခဲ့ဖြင်း ဖြစ်ပါတယ်။
အလှုရှင်များခင်ဗျား..မရမ်းချောင်းဂေဟာက ယနေ့အချိန်ထိ မီးမရရှိသေးပါဘူး။ဒါပေမဲ့ ယနေ့မှာ မရမ်းချောင်းဂေဟာအနီးထိ လမ်းမီးများ ရရှိနေပြီး မိမိတို့ အစီအစဉ်နဲ့ မီးရယူမယ်ဆိုရင် ရယူနိုင်နေပါပြီ။အဲ့ဒီအတွက် စုစုပေါင်း ကုန်ကျစရိတ် ၂၅ သိန်းဝန်းကျင်ခန့် ကုန်ကျနိုင်ပါသည်။အကယ်၍ လှုဒါန်းလိုသူများ ရှိပါက မိမိတို့ရဲ့ အစီအစဉ်နဲ့ မရမ်းချောင်းဂေဟာ မီးရရှိရေးအတွက် သွားရောက်လှုဒါန်းနိုင် ပါသည်ခင်ဗျား...။
ဂေဟာမှ အလှုခံပုဂ္ဂိုလ် အဖိုး၊အဖွားများရဲ့ ဆုပေးကြပုံနဲ့ ဂေဟာရဲ့ လည်ပတ်စောင့်ရှောက်ပုံ၊အလှုအကြောင်းကိုသူတို့ရဲ့ ဆန္ဒအရ ကိုကျော်စွာစိုးမြတ်မှ ရှင်းလင်းပြခဲ့တာတွေကို အောက်က မူဗီဖိုင်ထဲမှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျား..
“မီးလေးများရရင် ကျုပ်တို့က ပန်ကာလေးနဲ့ အေးအေးလေးနေရတော့ တော်ယုံနဲ့ မသေနိုင်တော့ဘူးပေါ့ဗျာ..။ခင်ဗျားတို့ လှုဒါန်းတာလေးတွေကို စားပြီး တရားဘာဝ နာကို အေးအေးဆေးဆေး အားထုတ်ချင်သေးတယ်”ဆိုတဲ့ အဖိုးတစ်ယောက်ရဲ့ စကား “နိုင်ငံတော် အစိုးရ က ဂေဟာမှ လူတစ်ယောက်အတွက် တစ်နေ့ကို ကျပ် ၅၀ ထောက်ပံ့ပေးပါတယ်” ဆိုတဲ့ ဂေဟာမှုးရဲ့ ပြောစကားတွေက အလှုရှင်တွေရဲ့ရင်ဘတ်ကို တိုက်ရိုက် ထိစေ ပါလိမ့်မယ် ..ကြည့် လိုက်ပါအုံးဗျာ..။
မနက်ဖန်ကျရင်လည်း မီးစက်နှိုးပြီးပို့အုံးမှာ ဖြစ်လို့ ထပ်ပြီးဆက်ပါအုံးမယ်ခင်ဗျား..>>>>
လေးစားစွာဖြင့်
MMYGလူငယ်များ အားလုံးကိုယ်စား
ကိုရင်
18:02 (GMT) 





အလှူရှင်အားလုံးနဲ့ မြန်မာမုဒိတာ အဖွဲ့သားအားလုံး နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်..။
ချစ်ခင်လေးစားလျှက်
သမီးစံ