Saturday, September 29, 2012

မြင်ကွင်းများ

လက်ဆော့ထားတဲ့အထဲက မျက်စိပသာဒဖြစ်မယ်ထင်တဲ့ မြင်ကွင်းလေးတွေ ရွေးထားပါတယ်။ ဓာတ်ပုံ ရိုက်ရတာကို အရင်တုန်းကတကယ်ဝါသနာပါခဲ့ပါဘူး။ခုချိန်ကျမှဘဲ လှုပ်လှုပ် ရှားရှားမြင် ရင် ရိုက်၊ ဖြတ် သွားဖြတ်လာရိုက်၊မဲမဲမြင်ရိုက်၊နောက်ဆုံး... စားခါနီးဟင်းပုံတောင် မချန်တော့ပါဘူး....  :)
ဒီလိုဖြစ်သွားခြင်းရဲ့ အဓိကတရားခံက ဘယ်သူလဲမေးရင် ဒီလိုဘဲပေါ့...လို့ ပြန်ဖြေမိပါလိမ့်မယ်။
သမီးစံက ဇိမ်ခံပစ္စည်းထဲမှာဆိုရင် ဖုန်းထက် ကင်မရာကိုပိုချစ်ပါတယ်..။
(မ၀ယ်နိုင်တဲ့သူများကတော့ အဲ့သလိုဖြေလေ့ရှိပါတယ်... ;)

ဘယ်သွားသွား အဆိုပါ ကင်မရာကတော့ သွားလေရာ အမြဲပါပါတယ်။
ရိုက်လာတဲ့အထဲ ကိုယ့်ပုံတွေပါလာပြီဆို မဖြူတဲ့အသားကိုဖြူအောင်လုပ်ဟိုကလိ၊ဒီကလိလုပ်ပြီး
ကြည့်ပျော်၊ရှုပျော်လေးဖြစ်အောင်ဖန်တီးပါတယ်။
အရမ်းကြီးလှမသွာတောင်ကိုယ့်ပုံကိုကြည့်ရတဲ့သူမှာနည်းနည်းတော့ ကြောက်စိတ်လျော့သွားတာပေါ့နော်...
အခုနောက်ပိုင်းတော့လူပုံတင်ပြီးမနှိပ်စက်တော့ပါဘူး။
“ဟယ်..ဆရာလေးပုံကမလှလိုက်တာ....”ဆိုရင်  နေရင်းထိုင်ရင်း ငရဲကြီးကုန်ကြမှာစိုးလို့ပါ :P

သန်လျင်မြို့ရဲ့ အထင်ကရတွေထဲက တစ်ခုဖြစ်တဲ့“လွမ်းစေတီ”(မျှော်တော်ယောင်လည်းခေါ်ကြပါတယ်) အနောက်ဖက်မှာရှိတဲ့ (အသည်းပုံသဏ္ဍန်)ရေကန်ပါ။“မြန်မာမုဒိတာ”အဖွဲ့ အလှူသွားလုပ်မယ့် ဘုန်း ကြီးကျောင်းအနောက်ဖက်မှာပါ။“လွမ်းစေတီ”ကလည်း အဲ့ဒီ့အနားမှာပါဘဲ။တောင်ကုန်းပေါ်မှာ တည် ထား တာဆိုတော့ မြင့်တော့ တော်တော်မြင့်ပါတယ်။အလှူနေ့ရောက်ရင် လိုက်ပြပေးမယ်နော်း)။သန်လျင်သူ ဆိုပြီး ရှင်မွေးလွန်း၊မင်းနန္ဒာ၊ငဇင်ကာ၊နတ်သျှင်နောင်၊၀န်ကြီးပဒေသရာဇာအကြောင်းသိသလား မေးရင် “မသိဘူး”ဖြေရမှာပါ။မြို့သူမပီသဘူးဆိုပါတော့...။ဟုတ်ကဲ့...လေ့လာဖို့တော့ကြိုးစားနေပါတယ်။

ဒါကတော့ စိတ်ထဲနည်းနည်းညစ်နေတဲ့အချိန် ကောင်းကင်ကိုမော့ကြည့်လိုက်ရင်း အကြိုက်တွေ့သွားတာမို့ အမှတ်တမဲ့ရိုက်လိုက်တာပါ။ခံစားမိတာကတော့ ပြတင်းပေါက်တစ်ခုလိုပါ။စိတ်ထဲမှာ အရမ်း သုံမှုန်လာ တဲ့ အခါ ကောင်းကင်ကြီးကို မော့ကြည့်လိုက်တာ အကောင်းဆုံးပါဘဲ။ စိတ်ထဲကို တော်တော်လန်းဆန်းစေမှာပါ။ တကယ်လန်းဆန်းချင်တယ်ဆိုရင်တော့.. တကယ်သုံမှုန်နေမှရမှာနော်..း)

သူငယ်ချင်းသုံးယောက် ကန်တင်းကအပြန် ထိုင်စကားပြောနေရင်း“ဟယ် ကြည့်စမ်းလှလိုက်တာ”ဆိုတော့  “အေးဟ..”ဆိုပြီး လက်မြန်၊ခြေမြန်ဘဲမှတ်တမ်းတင်လိုက်ပါတယ်။“ဘယ်လိုမှတ်တမ်းတင်သလဲ”မေးရင် “သြော်... သွားလေရာ ပါပါတယ်ဆို” :P

မြန်မာပြည်မှာ စေတီ၊ပုထိုး များတဲ့အထဲ ဒီမြို့လေးလည်း အပါအ၀င်ပါ။အေးချမ်းခြင်းရဲ့ အမှတ်လက္ခဏာ ဆိုပါတော့နော်..

တမင်တကာ (အညောင်းပြေအညာပြေ)အောက်ဒိုး ထွက်ရိုက်ထား တာပါ။ရေတော့ မကူး တတ်ပါဘူး။ ဒါပေမယ့်ကြောက်တယ်ရယ်လို့လဲမဟုတ်ပါဘူး။ခုန်ချကြည့်ရင်တော့ နစ်သွားမှာပေါ့ :)။ဗိုလ်တစ်ထောင် ဆိတ်ကမ်းဖြစ်ပါတယ်။ဒလဘက်ကနေရန်ကုန်ကူး၊ရန်ကုန်ဘက်ကနေဒလကူးနဲ့ စည်ကားပါတယ်။ဒီဆိတ် ကမ်းက ဗိုလ်တစ်ထောင်ဘုရားနားကပါ။

ကင်မရာထဲက effect တစ်ခုကိုကလိကြည့်လိုက်တာ ဒီပုံရပါတယ်။ကလိလွန်လို့လားမသိပါဘူး.. သူ့ခမျာ ဓာတ်ပုံသိုလှောင်ရုံမကဘဲ virus တွေပါ သိုလှောင်ထားရရှာပါတယ်။နှစ်ခါပြုတ်ကျဖူးတဲ့ဒဏ်ကလည်း မသက်သာလှပါဘူးး)

ဘယ်လိုမြင်ပါသလဲ (မေးမြန်း..)၊ဘယ်လိုမှမမြင်ပါဘူး(ပြန်ဖြေ) :)

အဖိုးတန်ပန်းချီကားတစ်ချပ်လိုပါဘဲ သိမ်းထားရကျိုးနပ်ပါတယ်။

သူတို့မှာ တံငါအလုပ်သာမဟုတ်ဘဲ လယ်လုပ်၊ တိရိစ္ဆာန်မွေးမြူတဲ့ အလုပ်တွေပါရှိပါတယ်။မိုးဘယ်လိုဘဲ ရွာရွာ နားကြတဲ့ပုံမပေါ်ပါဘူး။ဓာတ်ပုံရိုက်တဲ့သူကိုလည်း ကြည့်သွားကြလေရဲ့.. ခန့်ခန့်ကြီးနဲ့ စန့်စန့်ကြီး ဆိုတော့လေ..း) (ဧရာဝတီမြစ်ကြီးထဲမှာပါ)

“ချယ်ရီမြေ” ဘလော့ပိုင်ရှင် ဘုန်းဘုန်းသုမနရဲ့ ဖိတ်ခေါ်မှုကြောင့် သွားဖြစ်ခဲ့တဲ့ခရီးစဉ်မှာပါ ။တစ်လှေတည်းစီး တစ်ခရီးတည်းသွား လှေဆိပ်ရောက်တော့ လိုရာအရပ်ကိုခွဲခွာကြနဲ့.. လူ့ဘ၀ဆိုတာလည်း ဒီလိုပါဘဲ..(တရားရ..)

ဧရာဝတီကမ်းနဖူးမှာ ဘာပေါသလဲဆိုရင် (တွေ့ခဲ့သမျှကတော့)ထန်းပင်ပေါတယ်။ ငှက်ပျောသီး (ဖီးကြမ်း)၊ကွမ်းရွက်ပေါတာ တွေ့ခဲ့ပါတယ်။

မြစ်ပြင်ကြီးထဲမှာနေပြီး တံငါအလုပ်ချည်းဘဲမလုပ်ကြပါဘူး။စိမ်းစိမ်းစိုစိုနဲ့ အခုမြင်နေရတာကတော့ ကမ်းစပ်ကမြက်ပင်တွေပါ။မြက်ပင်တွေကိုရိတ်တယ်။ရေလမ်း ခရီးနဲ့ လိုရာအရပ်ကိုယူပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေအတွက်ပေါ့..

စိုင်းထီးဆိုင်ရဲ့“လှေငယ်ရှင်”သီချင်းထဲကလိုပေါ့..။ငါသေတော့မယ်.. ရေမကူးတတ်ဘူးဆိုသူအတွက်တော့ 
 ကြောက်စိတ်တွေအုံလိုက်ကျင်းလိုက်ဝင်လာမယ့်သဘောရှိပါတယ်..း)

တိရစ္ဆာန်ချင်းအတူတူတောင် သူ့လွတ်လပ်ခွင့်နဲ့သူပါ။

နေသာထိုင်သာရှိတဲ့နေ့က အပြင်ကပြန်အလာ အိမ်ပြန်ရမှာစောသေးတာနဲ့ခပ်ဝေးဝေးထိအောင် တစ်ပတ်ပတ်လိုက်တာ ဒီပုံကိုရပါတယ်း)


ဧရာဝတီတိုင်း၊ညောင်တုန်းမြို့အပြန်လက်ဆောင်“မကျင်ဆေးပေါလိပ်”(သောက်တတ်သူများအတွက်) အခက်အခဲအမျိုးမျိုးကြားထဲကသယ်လာရပါတယ်။ဆေးလိပ်နံ့မခံနိုင်လို့ လမ်းမှာခရီးသည်နှစ်ယောက် (ပေစောင်းစောင်းနဲ့)ဆင်းသွားတာကတော့ ဥပမာအများကြီးထဲကတစ်ခုပါး)


ချစ်ခင်လေးစားရသူများအားလုံးအတွက်
ပျော်ရွှင်ဖွယ်ရာနေ့လေးဖြစ်ပါစေ..

ချစ်ခင်စွာဖြင့်

သမီးစံ

Thursday, September 6, 2012

ပန်းဖူးပန်ငုံစုံစုံလင်လင် ဤရဂုံတွင်

ခေါင်းဆောင်ကောင်းတို့ဖူးပွင့်မည်
တက်ကြွညီညာချီ 
အနာဂတ်ကောင်းတဲ့စာသင်ကျောင်း
ငါတို့အုတ်မြစ်လောင်း။

မဒမ်ကိုး

Saturday, August 25, 2012

ဟုတ်ကဲ့...ဒီလိုပါ

လောင်းတဲ့ရွှေရည်
စာသင်ဖို့တို့ကျောင်း
အုတ်မြစ်တွေလောင်းလို့
လှပ၀င့်ချီ
ပန်းကလေးများပွင့်တော့မည် ။
အားလုံး မင်္ဂလာပါ...
သာယာကုန်း ဘုန်းတော်ကြီး ပညာသင်ကြားရေးကျောင်းအတွက် လိုအပ်လျက်ရှိသော ကျောင်းဆောင် ဆောက်လုပ်ရန်အတွက် အဆောက်အဦး ပုံကြမ်းအား တင်ပြအပ်ပါတယ်။ ကျွန်တော်တို့ အစောပိုင်းတုန်းက အလှုငွေကို ကြည့်ပြီး ၁၅ပေ x ၃၀ ပေ ခပ်ကျဉ်းကျဉ်း အနေအထားသာ ထမင်းစားဆောင်အဖြစ် ဆောက်လုပ်မယ်လို့ ရည်ရွယ်ခဲ့ပေမဲ့ ရည်မှန်းထားတာထက် ပိုလျှံသော အလှုငွေ ပမာဏကြောင့် ၂၀ပေ x ၄၀ ပေ အထိ အတန်အသင့် ကျယ်ပြန်သပ်ရပ်တဲ့ အဆောက်အဦးကို ဆောက်လုပ်နိုင်ခဲ့တဲ့ ထမင်းစားဆောင်မှ စာသင်ဆောင်အဖြစ် လည်းကောင်း၊ နွေအခါ -ကျောင်းပိတ်ရက်များတွင် တရားစခန်းအတွက် ရိပ်သာအဆောင်အဖြစ်လည်းကောင်း လိုအပ်သလို အသုံးချနိုင်အောင် သေသပ်ခန့်ညားစွာ -ဆောက်လုပ်ပေးမှာ ဖြစ်ပါတယ်။ဆရာတော်ရဲ့ ညွှန်ကြားမှုနဲ့အတူ အဆောက်အဦး ဖောင်ဒေးရှင်းချမည့်နေ့အား အခုလာမဲ့ ဗုဒ္ဓဟူးနေ့ (၂၉.၈.၂၀၁၂)ရက်နေ့ မနက် ၁၀နာရီ မင်္ဂလာအချိန်မှာ ပြုလုပ်မှာဖြစ်ပြီး ၂၀ပေ x ၄၀ပေ အဆောက်အဦး မြေနေရာအား ကလေးများလက်ချိတ်ကာ စီတန်းပြီး “အို..အို..အိုးးး.. ပန်းကလေးများ ပွင့်တော့မည်၊ ဖူးတံ ၀င့်လို့ချီ” ဆိုတဲ့ “တို့ကျောင်း” ကဗျာလေးကို သံပြိုင်ရွတ်ဆိုကာ အဆောက်အဦး -ဆောက်လုပ်ခြင်းအား စတင်မှာ ဖြစ်ပါတယ်။

မိုးတွင်းကာလဖြစ်တာကြောင့် ဆောက်လုပ်မဲ့အချိန်ကို ၄၅ရက် (တစ်လခွဲ) အဖြစ် သတ်မှတ်ထားပါတယ်။ ဖောင်ဒေးရှင်းချမဲ့နေ့ကိုတော့ မြန်မာနိုင်ငံမှ မုဒိတာအဖွဲ့သားများနဲ့ ဆောက်လုပ်ပေးမဲ့ အင်ဂျီနီယာအဖွဲ့သာ သွားရောက်မှာ ဖြစ်ပြီး အလှုရှင်များအတွက်တော့ ဓါတ်ပုံဖိုင်များ၊ ဗွီဒီယိုဖိုင်များကို ပြန်လည် တင်ပြပေးမှာဖြစ်ပါပြီး လုံးဝပြီးစီးတဲ့အချိန်မှာတော့ အလှုရှင်များကို ကိုယ်တိုင်ရေစက်ချစေမှာ ဖြစ်ပါတယ်။ အဆောက်အဦး ဆောက်လုပ်ဆဲ ကာလမှာလည်း တိုးတက်လာပုံအဆင့်ဆင့်ကို အစဉ်အမြဲ update လုပ်ပေးမှာ ဖြစ်ပါတယ်။ ၂၉.၈.၂၀၁၂၊ ဗုဒ္ဓဟူးနေ့မှာ စတင်ဆောက်လုပ်မဲ့ အဆောက်အဦး ပုံစံငယ်အား အောက်တွင် ကြည့်ရှုနိုင်ပါတယ်ခင်ဗျား.. (စကေးကိုပါ တပါတည်း ဖော်ပြပေးထားပါတယ်)..


 FRONT VIEW ဖြစ်ပါတယ်။
BACK VIEW ဖြစ်ပါတယ်..
 RIGHT SIDE VIEW အနေအထား ဖြစ်ပါတယ်။
LEFT SIDE VIEW မှ မြင်ရတဲ့ ပုံစံငယ်ပါ။

 ROOTING PLAN ဖြစ်ပါတယ်။

ဖောင်ဒေးရှင်းချမဲ့ အနေအထား ဖြစ်ပါတယ်။


လေးစားစွာဖြင့်
မြန်မာမုဒိတာလူငယ်များအဖွဲ့ ( M.M.Y.G) ကိုယ်စား
ကိုရင်
8:49 ( GMT)

မြန်မာမုဒိတာရဲ့တတိယမြောက်ခြေလှမ်း တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ် အသက်ဝင်လာပြီဖြစ်ပါတယ်...။

ချစ်လေးစားလျှက်

သမီးစံ


Tuesday, August 21, 2012

တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့ မလဲ

အားလုံးမင်္ဂလာပါခင်ဗျား..
သာယာကုန်း ဘုန်းတော်ကြီးပညာသင်ကြားရေးကျောင်းအတွက် လိုအပ်လျက်ရှိသော ကျောင်းဆောင် ဆောက်လုပ်ရန်အတွက် အလှုရှင်များကို -မေတ္တာရပ်ခံပြီး ၁၃.၇.၂၀၁၂ ရက်နေ့မှစတင်ကာ ၁၅.၈.၂၀၁၂ ရက်နေ့အထိ (၃၄) ရက်တိုင်တိုင် M.M.Y.G မှ အလှုခံခဲ့ပါတယ်။ အလှုခံပုဂ္ဂိုလ်တွေရဲ့ မြင့်မြတ်သောသီလတန်ခိုး၊ အလှုရှင်တွေရဲ့ ယုံကြည်မှုနဲ့ ထက်သန်သော သဒ္ဒါတရား၊ နိုင်ငံအသီးသီးမှ အကျိုးဆောင်တွေရဲ့ ကြိုးစားအားထုတ်မှုတို့ -ပေါင်းစပ်လိုက်တဲ့အခါ ယခုလှုအတွက်  ကျွန်တော်တို့ ရည်မှန်းထားတာထက် နှစ်ဆခန့်ပိုပြီးများပြားတဲ့ အလှုငွေပမာဏနဲ့ အလှုခံခြင်းကို ပိတ်သိမ်းနိုင်ခဲ့ပါပြီ။ ဗြိတိန်၊ ဆွစ်ဇာလန်၊ သြစတီးရီးယား၊ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား ၊စင်ကာပူ၊ မလေးရှား၊ ထိုင်ဝမ်၊ မြန်မာနိုင်ငံ စတဲ့နိုင်ငံပေါင်းစုံမှ စုစုပေါင်းအလှုငွေ ကျပ်သိန်းပေါင်း ၁၁,၈၆၉,၃၀၀ တိတိ (တစ်ရာ တစ်ဆယ့် ရှစ်သိန်း ခြောက်သောင်း ကိုးထောင် သုံးရာကျပ်တိတိ) ရရှိခဲ့ပါတယ်။နိုင်ငံအလိုက် ရရှိခဲ့တဲ့ပမာဏမှာ

Friday, August 10, 2012

My Treasure (Tag)

နွေလပါ။ရေးခိုင်းတာ။My Treasure တဲ့..ခေါင်းစဉ်လေးက..။ သူ့ဘလော့လေး ရုတ် တရက် ပျောက် သွားလို့ပါ။ (အခုပြန်ရသွားပြီလို့သတင်းကောင်း ကြားရပါတယ်..)

အစ်မတော်လည်းမအားမအားနဲ့(ဖေ့ဘုတ်ပေါ်ချည်းလှိမ့်လှိမ့်တက်နေလို့)အခုမှဘဲရေးဖြစ်တော့တယ်နွေလရေ့...း)


 မေးခွန်းလေးတွေက(သူ့အနေနဲ့စိတ်မကောင်းစွာမေးနေပေမယ့်) စိတ်ဝင်စားစရာလေးတွေပါ။ ဒီလိုအမှတ် တရစာလေးတွေ ဘလော့တစ်ခုစီမှာ တစ်ပုဒ်တော့ရှိထားသင့်ပါတယ်။ (ဒါကြောင့်ကိုယ်တိုင်ရေးပြီးရင် လက်ဆင့်ကမ်းပါမယ်း)

(၁) သင့်ဘလော့လေးကို ဘယ်အချိန်ကစပြီး တည်ထောင်ခဲ့ပါသလဲ … ဘယ်လိုတည်ဆောက်ခဲ့ရသလဲ ?

2011 ရဲ့ဂျူလိုင်လထဲမှာ ဒီဘလော့လေးကိုစပြီးအသက်သွင်းဖြစ်ခဲ့ပါတယ်။မြင်ဆရာကတော့ ဘလော့ဂါ ကိုညီလင်းဆက်ပါ။ Google Search Box ထဲမှာ how to make myanmar blog ဆိုပြီးရှာလိုက်ရာက ကိုညီလင်းဆက်ရေးပေးထားတဲ့E-Bookလေးကိုဖတ်ဖြစ်ခဲ့ပါတယ်။ရှာဖြစ်တဲ့အကြောင်းကတော့... ဘလော့မရေး၊ရေးချင်အောင် ဆွဲဆောင်အားအင်မတန်ကောင်းတဲ့ စီနီယာဘလော့ ဂါကြီးတွေကြောင့်ပါ  ။ပျော်ပျော်နေတတ်ကြသလို ချစ်ခင်ဖို့လည်းကောင်းပါတယ်။ကိုယ့်ဘလော့ကိုယ် ကိုယ်တိုင်စပြီး အသက်သွင်းကာစကတော့အသားမည်းမည်း၊သွားကျဲကျဲလေးပါဘဲ(အခုလည်းမလှပါဘူးး) နောက်တော့မှ နေ့မနား၊ ညမနားကျေးဇူးနဲ့မအိပ်မနေ၊အသက်ရှည်ရာကနေခုလိုသင့်သင့်တင့်တင့်နဲ့ကြည့်ပျော်ရှုပျော်ဖြစ်လာခဲ့တာပါ။ဒါကြောင့် သမီးစံဘလော့လေးကို တစ်နေကုန်ထိုင်ပြီး တစ်စိမ့်စိမ့်ကြည့်ဖြစ်နေအောင် နည်းကောင်း၊လမ်းကောင်းလေး များရှိရင် ပေးသနားကြပါလို့...း)။

(၂) ဘလော့ကို ဘယ်လိုရည်ရွယ်ချက်ကြောင့် တည်ထောင်ဖြစ်ခဲ့သလဲ ?

အဓိက ကတော့..ရေးချင်တာလေးတွေရေးဖို့ပါ။ဒါကြောင့် ရေးကာစက ဘလော့နာမည်ကို “အရှုးလွယ်အိတ်” လို့ပေးမလို့ပါ။အရှုးလွယ်အိပ်လို့ပေးလိုက်ရင် ကောင်းတဲ့သူတွေမလာတော့မှာစိုးလို့ ဆယ့်ခြောက်နှစ် တစ် ရက်လျော့နေတဲ့ကိုယ်တိုင်ကသမီးသာသာရှိတာမို့နာမည်တစ်လုံးထည့်ပြီး“သမီးစံ”ဖြစ်သွားရတာပါ။ နောက်ပြီး ဒီဘလော့မှာတင်တဲ့ ပို့စ်တပုဒ်ဖတ်ပြီးရင် စိတ်ထဲတစ်ခုခု ကျန်ခဲ့စေချင်တဲ့ ရည်ရွယ်ချက်လေး လည်းရှိပါတယ်။နောက်ဆုံး ဘာမှမကျန်ခဲ့ဖူးဆိုရင်တောင် ဖတ်လို့ မကောင်းဘူး၊ ဘာတွေရေး ထားမှန်း မသိဘူး လေးတော့ကျန်ခဲ့မှာပါနော်း)။

(၃) သင် သင့်ရဲ့ဘလော့လေးအပေါ်မှာ ဘယ်လောက်ထိ ရည်မှန်းထားသလဲ … 
ဘယ်လောက်ထိ မြတ်နိုးတန်ဖိုးထားသလဲ ?

နွေလကပြောပါတယ် သူ့ဘလော့ကို Nick Name ပေးတယ်။ My Treasure တဲ့။သမီးစံကပေးပါတယ်။“ရင်နှင့်သည်းခြာ”လို့း)။ ဘလော့ဂါတိုင်း တုနှိုင်းမမှီတဲ့မေတ္တာနဲ့ ကိုယ့်ဘလော့လေးကို နာမည် တစ်ခုစီတော့ ပေးထားကြမှာ သေချာပါတယ်။ အမိ၊အဖလိုပေါ့..။ ကိုယ် တိုင် ကျွေး၊မွေးထားရပြီး ဘာမှ မျှော်လင့်မထားတာ...။ခုကတော့ အင်တာနက်ဖိုးနဲ့ မကျွေးရုံ တစ် မယ်ပါဘဲး)။မြတ်နိုး၊တန်ဖိုး ထားတာကတော့ ဘ၀ရဲ့“အိုအေစစ်”လေး တစ်ခုလိုပါဘဲ။ ၀မ်းနည်းစရာရှိလည်း အကူအညီတောင်းရင်း ၀မ်းနည်းလို့ရပါတယ်။ပေါက်ကွဲ စရာလေးတွေရှိလည်း (ပတ်ဝန်းကျင်ကြည့်ပြီး)ပေါက် ကွဲလို့ရပါတယ်။ဆူမယ့်သူ မရှိ၊အော်(ငေါက်)မယ့်သူမရှိ၊စာပေစိစစ်ရေးမရှိတဲ့ တကယ့်“အိုအေစစ်”လေးပါ ။မြတ်နိုး၊တန်ဖိုးထားပါတယ်။ ပျောက်သွားရင်တော့ သူ့ကံပေါ့လေ..း)

(၄) သင့်ဘလော့လေး ရုတ်တရက် ပျောက်ဆုံးသွားခဲ့ဖူးပါသလား ?

ဘလော့ရေးနေတဲ့ အီးမေလ်းအကောင့် ပျက်တယ်ဆိုတော့ ဘလော့ပျောက် သလိုဘဲပေါ့နော်။ ကြုံခဲ့ဖူးပါတယ်။အကောင့်က ၀င်နေရင်းနဲ့ သူ့အလိုလို Sign Out ပုံစံမျိုး ဖြစ်သွားတာပါ။နောက် Password ထည့်ပြီး ပြန်ဝင်တော့ Verification Code ဆိုပြီးတောင်းပါတယ်။မှတ်မှတ်ရရ April Fool ညမှာပါ။သုံးနေကျ အကောင့်မဟုတ်ဘဲ ဘလော့ရေးဖို့ သီးသန့်ဖွင့်ထားတဲ့အကောင့်ဖြစ်နေလို့ တော်ပါသေးတယ်။ဒါနဲ့ဘဲ သုံးနေကျ အကောင့်ထဲကိုဝင် G-Talkကနေ အစ်ကို၊အစ်မတွေကိုလှမ်းပြောတော့ ဘယ်သူမှ မယုံကြပါဘူးး)။ ကံကောင်းချင်တော့ မေခလာနတ်သမီးတစ်ပါးက ယုံသွားပါတယ် (မေခလာနဲ့နှိုင်းတော့ သဘော ကျပါ့ မလားမသိး)။“ခံစားမှုသံစဉ်”ဘလော့ကိုရေးတဲ့ အစ်မပစ်ပစ်ပါ။သူ့ရဲ့ဖုန်းနံပါတ်နဲ့ အိုကေမှာ စိုပြေသွား ပါ တယ်။ကံသီလို့ပါ..။မောင်နွေလကော..အဲဒီ့လိုဖြစ်သွားတာထင်ပါရဲ့..။ကလေးက ငယ်သေးတော့ စိုးရိမ် သွား ရှာတာပါး)

(၅) ပျောက်ဆုံးသွားတဲ့အချိန်တုန်းက သင် ဘယ်လောက်ထိ ခံစားခဲ့ရဖူးလဲ … ?
မပျောက်ဆုံးသေးသူဆိုရင်လည်း အကယ်၍ သင့်ဘလော့လေး ပျောက်ဆုံးသွားခဲ့မယ်ဆိုရင် သင် ဘယ်လိုခံစားရမလဲ … ?

ပျောက်ဆုံးသွားတယ်လည်းမဟုတ်ဘဲနဲ့ နည်းနည်းလေးကံကောင်းသွားတာပေါ့။နှလုံးရောဂါမရှိတဲ့အတွက် ဘယ်လိုမှ မခံစားလိုက်ရပါဘူး။နောက်ပြီး မေလ်းအကောင့်ဒီလိုဖြစ်ရင် ဒီလိုပြန်လုပ်လို့ရတယ်ဆိုတာ သိထားနှင့်လို့ပါ။အကယ်၍ အဲ့ဒီ့ညက ကိုယ်ပြောတာ ဘယ်သူမှမယုံခဲ့လို့ အကောင့်ပြန်ဖြည်ဖို့မ မဖြစ်နိုင်ခဲ့ရင်တော့ အိပ်လို့ပျော်တော့မယ်မထင်ပါဘူး။

တစ်ရံသောအခါကတော့ စိုးရိမ်ကြောင့်ကြခဲ့ဖူးပါတယ်။ရခိုင်ပြည်မှာ ကိစ္စထူးဖြစ်ရာကနေ အိုင်တီသမား အချင်းချင်း ဟိုဘက်သည်ဘက် သူHack ငါHackနဲ့ ဘလော့ဂါတွေလည်း လှုပ်လှုပ်၊ လှုပ်လှုပ် ဖြစ် ကုန်ပါ တယ်။ဘာလုပ်ရင်ကောင်းမလဲ၊ဘယ်လိုလုပ်သင့်သလဲ တိတ်တိတ်ကလေး လိုက်ဖတ်၊လိုက်မှတ်နဲ့ နည်းနည်း ရှုတ်သွားရပါတယ်။တိုင်းတစ်ပါးသား Hack တာတော့မခံနိုင်ပါဘူး။အချင်းချင်းဆို တောင်းပန်လို့ ရနိုင် ပါသေး တယ်။နောက်ဆုံးတော့ “သမီးစံ”လေး ဘေးမသီ၊ရန်မခခဲ့ပါတယ်။(ညာဖက်အောက်ဆုံးနားက ၀က် ကလေးကြောင့်လည်းဖြစ်နိုင်ပါတယ်း)ကိုယ့်အိမ်က တောကျတဲ့ဘက်မှာ ဖြစ်နေတာလဲပါပါလိမ့်မယ်။

ပျောက်ဆုံးသွားခဲ့ရင် ဆိုတဲ့အတွေးတွေးမိတိုင်း Blog ကို Backup လုပ်ထားဖြစ်ပါတယ်။အတတ်နိုင်ဆုံး ၀ဲကင်းအောင်ထားပါတယ်။တစ်ပတ်တစ်ခါ ဆရာဝန်နဲ့ပြပါတယ်း)။ဒီကြားထဲကမှ ဖြစ်တောင့်၊ဖြစ်ခဲရင်း မတော်တဆ သွားခဲ့ရင်တော့ လက်လွှတ်ရတော့မှာပါ။


ဒီပို့စ်ကိုတဂ်လုပ်ပေးတဲ့ နွေလကို ကျေးဇူးတင်ပါတယ်။သူ့ဘလော့လေးပြန်ရတော့ သူလည်းပျော်နေပါတယ်။

ကဲ..အပျော်လေးတွေ ကူးဆက်လိုက်ကြရအောင်..


-အစ်မဒမ်ကိုး
-အစ်မခရစ္စတယ်
-မကြီးစန်းထွန်း
-အစ်မပစ်
-မိုးည
-မြတ်နိုး(MUFL)
-ထရီဆာ
-ကြည်ဖြူ
-ဘကြီးအောင်
-မမမ
-ဆတွတ်
-နေမင်း
-သီဟ(လုလင်)
-ကိုပဥာဏ်
-မောင်မောင်(မြစ်ဆုံ)
-ကိုတူး
-မောင်ဘုန်း

ဒီစာရင်းကို အလကားသက်သက် ပြုစုထားတာတော့ မဟုတ်ပါဘူးရှင်း) လေးစားသမှုနဲ့ Relay Tag Post ပါ..။




ချစ်ခင်လေးစားလျှက်

Wednesday, August 1, 2012

ကာတွန်းပြပွဲ

အဓိပ္ပာယ်ကိုယ်စီနှင့်မို့.. label ထိုးပေးရန် လိုအပ်မည်မထင်း))
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကာတွန်းပြပွဲမှဖြစ်ပါတယ်။
ပန်းဆိုးတန်း၊လောကနတ်ပြခန်းမှာ..၃၁-၇-၂၀၁၂ နေ့အထိပြသွားတဲ့ကာတွန်းတွေပါ။ 
မကြည့်ရသေးရင် တူတူကြည့်မယ်နော်း)












ဒါကတော့ ..ကြော်ငြာပါ..း)


ကာတွန်းဆရာများရဲ့ အော်တို...












ပြပွဲအတွက် ရိုက်ထားတဲ့အင်္ကျီလေးတော်တော်လှပါတယ်.. 
ဝတ်ပြလိုက်ရင်တော့ ဘယ့်နှယ့်နေမယ် မသိရပါး)


ချစ်ခင်လေးစားလျှက်

Sunday, July 29, 2012

တစ်နှစ်



သိပ်နောက်မကျသေးပါဘူးနော်..။ ဒီနေ့နဲ့ပါဆိုမှ တစ်ပတ်ဘဲရှိပါသေးတယ်း))

အဆိုပါနေ့က ရင်နှင့်သည်းချာလေး တစ်နှစ်ပြည့်ခဲ့ပါတယ်။အမျိုးမျိုးအကြောင်းတွေ၊ဆင်ခြေ၊ဆင်လက်၊ ဆင်တစ်ကိုယ်လုံးတွေနဲ့ အချိန်မှီမတင်ဖြစ်ခဲ့ပါဘူး။

ဒီနေ့၊ဒီချိန်ထိ ဒီဘလော့မှာ ကောင်းရာ၊ကောင်နိုးလေးတွေ တင်လာခဲ့ပြီးပါပြီ။ သို့သော် (အလှူကိစ္စတွေက လွဲလို့)ပေါက်တတ်ကရတွေများပါတယ်။စစချင်းတုန်းကတော့ ခပ်စိပ်စိပ်လေး အားသွန်ခွန်စိုက်လာလိုက်တာ နောက်တော့ တဖြည်းဖြည်းနဲ့အရှိန်မြှင့်လာရမယ့်အစား တစ်လတစ်ပုဒ်ဖြစ်သွားရပါတယ်။ဒီတော့လည်း အစ်ကို၊အစ်မတွေကို မချိသွားဖြဲပြရင်း“ဟဲဟဲ”လုပ်ရတာပေါ့နော်း)။

ဘာလိုလိုနဲ့ တစ်နှစ်တောင်ပြည့်ခဲ့ပါပြီ။တူရာတူရာစုစုလာတဲ့ အန်တီ၊အန်ကယ်၊အစ်ကို၊အစ်မ၊မောင်၊ ညီမလေးတွေကလည်း ချစ်ဖို့ကောင်းလိုက်တာ..။ချစ်ဖို့ကောင်းနေတော့လည်း တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပြောပြော အပြစ်မမြင်ကြပါဘူး။

ခုချိန်ထိအောင် သမီးစံအနေနဲ့ကော မိစံအနေနဲ့ပါ စိတ်အနှောင့်ယှက်ဖြစ်အောင် ပြုခဲ့မိတာရှိရင် ခွင့်လွှတ်ပါ။မှားတာရှိရင် (Nick Name တွေအစား) တောင်းပန်ပါတယ်း)။ဒီနေ့၊ဒီရက်ကစပြီး ရင်နှင့် သည်းချာလေး ၀ဲစွဲခြင်းရန်မှ ကင်းဝေးပါစေ..။ ပြန်ပေးဆွဲခြင်း ရန်မှကင်းဝေးပါစေ..။ အနာ၊ ရောဂါ ကင်းရှင်းပါစေ..း)


ဒါက.. ရေးဘဲရေးတော့မလိုလို၊ပြီးဘဲပြီးတော့မလိုလို၊ခုဘဲတင်တော့မလိုလိုနဲ့
ဟိုလိုလို..သည်လိုလိုနဲ့... အပြီးမသတ်နိုင်သေးတဲ့ အမှိုက်ပုံထဲက ရှိစုမဲ့စုလေးတွေပါ..
(တော်တော်တော့ကြာနေပါပြီ..) 

ပြောင်းသင့်တာလေးတွေပြောင်းပြီး ဖြည်းဖြည်းချင်း အကြွေးဆပ်သွားပါရစေ..။
(မဆပ်နိုင်ခဲ့တော့လည်း မဆပ်နိုင်ခဲ့ဘူး သဘောထားပေးပေါ့နော်..း)


အမာခံပရိတ်သတ်ကြီးနဲ့ကာစတမ်ဘာကြီးများ..



ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်း၊ချမ်းမြေ့ကြပါစေကြောင်း..



ချစ်ခင်လေးစားလျှက်..