Loading...

Wednesday, May 15, 2013

ပြန်မပေးနိုင်တဲ့သူနဲ့ ပြန်မယူတတ်တဲ့ သူတစ်ယောက်အကြောင်း



အဲ့ဒီ............
ဆင်ခြေဖုံး ညနေခင်းထဲမှာ
ဖေဖေ့ ဘ၀ရှိတယ်
ထမင်းတစ်ဆုပ် သဲတစ်ဆုပ်နဲ့ ဘဝ

ပြန်လာချိန်ကို မျှော်တတ်သူများနဲ့
အိမ်ကိုမှ တည့်တည့် ပြန်တတ်သူရဲ့ကြား
အပြန်အလှန်နားလည်မှု၊ မေတ္တာသစ္စာရှိမှု

သူက ဘ၀ဆိုတာ ကုန်းဆင်းကုန်းတက်လို့ယုံတယ်
အသိဥာဏ် ဘာသာဗေဒ
ရိုးသားမှုရဲ့ အနီးအဝေး သဘောတရား အလင်းအမှောင်
အချိန်အဆ အားလုံး အားလုံး
အဖြူနဲ့အစိမ်းကနေ ယူနီဗာစီတီအထိ သင်ကြားဖို့
ချွေးဥတွေနဲ့ စာအုပ်တွေကို သူဖန်ဆင်းခဲ့တယ်

ဝလုံးလေးတွေနဲ့ ဘောလုံးကို စကန်
ကကြီး၊ ခခွေးဆိုတာ ဆိုနေကြ သီချင်းလို ပိုင်နိုင်လို့
A B C D လည်း ကျွမ်းကျင်အောင် လုပ်ရတာပဲ
မဟာဗန္ဓုလနဲ့ ပြီးခဲ့တဲ့ သူက ရူပဗေဒ ပုစ္ဆာတစ်ပုဒ်ကို နားမလည်နိုင်
ဒါပေမယ့် ပြုံးလို့ ပျော်လို့ ကျေကျေနပ်နပ်ကြီး အရှုံးပေးလို့
မျက်ခုံးတွေ တွန့်ကွေးအောင် ကျုံ့လို့
အသံဖျားတွေ တုန်ခါပြီး ၀င်တဲ့အထိ
ဟိုဘက်ကမ်းကို သွားခါနီး နူတ်ခမ်းတွေ ဖြူလျော်တဲ့အထိ
ပညာတတ်ကြီး ဖြစ်အောင် လုပ်ဖို့ တဖွဖွ
ဆုပ်ထားတဲ့ လက်တွေ ပြေလျော့သွားတာတောင် ဆုပ်ထားဆဲ
အယူအဆတွေ ၊ အတွေးအခေါ်တွေ ဆုပ်ထားဆဲ
လွှတ်မချရဲ၊ လွှတ်မချဝံ့၊ လွှတ်မချရက်ခဲ့ ...............
ဒီလိုနဲ့ လမ်းကလေးစလျှောက် ကုန်းဆင်းတွေ ကုန်းတတ်တွေနဲ့...။

အခုတော့
ကျွန်တော်တို့ဟာ ယုံကြည်ရာကို မက်ခွင့်ရှိတဲ့
တစ်ကိုယ်တော် လူစွမ်းကောင်းတွေ
ရေပေါ်မှာလည်း သွားနိုင်တယ်
လေပေါ်မှာလည်း သွားနိုင်တယ်
တစ်နာရီလောက် လှုပ်ရှားရုံနဲ့ ညောင်းညာတတ်တယ်
၂၄နာရီ အချိန်ပြည့် မောနေတတ်တဲ့
နေပူကိုကြောက်တဲ့ နေရောင်အောက်က လူသားတွေ
ဒါနဲ့ပဲ ရိပ်နိုင်သမျှရိပ်အောင် အတ္တဆန်ပစ်ကြတယ်

အဲ့ဒီ...................
လျှမ်းလျှမ်းတောက် ညနေခင်းထဲမှာ
ကျွန်တော့် ဘ၀ရှိတယ်
ကော်ဖီတစ်ခွက် စီးကရက်တစ်ဖွာ ဆိုဖာဆတ်တီတွေနဲ့ဘဝ
ဆောင်းရာသီလို အခန်းတွေထဲမှာ အမြုပ်ခွက်တွေ အမြုပ်ခွက်တွေနဲ့
စကားလုံးအကြီးကြီးတွေနဲ့ ကမ္ဘာကြီးတစ်ခုကို ဖန်းတီး
အက်ကြောင်းထပ် သယံဇာတွေနဲ့ ပျော်စရာကြီး
ဒါပေမယ့် .... မပျော်ဘူး
ကြယ်ကလေးတွေ ဘယ်လောက်သင်းသင်း
လ၀န်းလောက်မှ မလင်းနိုင်ရင် သန်းခေါင်ယံမပီသဘူး
................

................

ကျွန်တော် ဖေဖေ့ကို လွမ်းတယ်.................။

ရိုးလတ်(စ်)
(15-5-2013)

Tuesday, February 12, 2013

ဆယ်ရက်၊ဖေဖော်ဝါရီ

 

အဲ့ဒီ့နေ့မရောက်ခင်ကတည်းက သွားဖြစ်ခဲ့ရင်ဆိုပြီး တွေးပျော်နေတာဆိုတော့..ကောင်းကောင်း အိပ် မပျော် ခဲ့ပါဘူး။ 
ထွေထွေထူးထူးကိစ္စ ဘာကိစ္စမှမရှိပါစေနဲ့လို့.. ဆုတောင်းရတာအမော..
နောက်တော့ ဆုတောင်းလေးပြည့်သွားပါတယ်။ 
နေ့လယ်ဆယ့်တစ်နာရီဆယ့်ငါးလောက်မှာ အိမ်က“စ”ထွက်ခဲ့တယ်။ တီတင့်တို့အိမ်ကိုး)
တီတင့်အိမ် ရောက်ခါနီး ရောက်ကြောင်း သတင်းလှမ်းပို့လိုက်တော့ ဖုန်းထဲမှာ အသံတွေကြားနေ ရတာ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ရယ်..း) 
အဲ့ဒီ့နေ့က..
အန်တီတင့်နဲ့တွေ့တယ်။
အစ်မမြသွေးနီ(မိသားစု)နဲ့တွေ့တယ်။ 
မကြီးမိုးငွေ့နဲ့တွေ့တယ်။
အစ်ကိုရန်အောင်နဲ့တွေ့တယ်။
ကိုဖိုးစိန်နဲ့တွေ့တယ်။
ကိုညီရဲနဲ့တွေ့တယ်။
ကိုစည်သူ(မျှစ်)နဲ့တွေ့တယ်။
အစ်မဒိုးကန်(မဒမ်ကိုး)နဲ့တွေ့တယ်။
ကိုကိုးအိမ်နဲ့တွေ့တယ်။
ကဗျာဆရာလက်ဝဲနဲ့တွေ့တယ်။
မိုးညချမ်းနဲ့တွေ့တယ်။
ရေတမာနဲ့တွေ့တယ်။
ဒေါင်းတောင်နဲ့တွေ့တယ်။ (ချစ်စနိုးနဲ့ခေါ်ကြတယ်။ ဒေါင်ဒေါင်တဲ့း)
မသူသူဟန်နဲ့တွေ့တယ်။
အစ်ကိုဇော်နဲ့တွေ့တယ်။
အစ်မရို့စ်(Rose of Sharon)နဲ့တွေ့တယ်။
အစ်မ မက်မက်နဲ့တွေ့တယ်။
နောက်ထပ် အစ်မနှစ်ယောက်နဲ့တွေ့တယ်။
မိစံနဲ့တွေ့တယ်။း) 
Blogger တွေနဲ့တွေ့ရတာ.. ပျော်စရာကြီး..

Blogger ဆိုတာ.. အပြစ်အနာအဆာကင်းတဲ့ စင်းလုံးချော “မချစ်စု”သရက်သီးလိုပါဘဲ..း)
သူ့အရသာမှာ ချိုအေးမွှေးလို့...


အဲ့ဒီ့နေ့က မချစ်စုတွေအများကြီးနဲ့..တွေ့ခဲ့ရတယ်း)

တကယ်ပါ.. 
အဲ့ဒီ့နေ့က တကယ့်အမှတ်တရဘဲ..

အဲ့ဒီ့နေ့က မုန့်ဟင်းခါးလေး စားကောင်းတယ်။ ငှက်ပျောပေါင်းကိုမမေ့ဘူး။း)
ပွဲဖြစ်မြောက်အောင် စီစဉ်ပေးတဲ့ တီတင့်ကို ကျေးဇူး(အထူး)တင်ရှိရပါကြောင်း...


(အမှတ်တရအနေနဲ့ဘဲ အကြမ်းခြစ်လိုက်တာ..
အချောဆို.. အကုန်သရေကျကုန်လိမ့်မယ်း)



ချစ်ခင်လေးစားလျှက်
သမီးစံ









Sunday, January 13, 2013

Doubt






ယနေ့မနက် ကိုးနာရီခွဲခန့်အချိန်တွင် သူမသည် အကြောင်းကိစ္စ တစ်ခုကြောင့် ခရီးသွားရန် ပြည်သူပိုင် ဘတ်(စ်)ကားဂိတ်တွင်မတ်တပ်ရပ်ကာ စောင့်နေစဉ်ဖြစ်သည်။ ထိုအခိုက် ဘေးနား သို့ လူတစ်ယောက် လာရပ်လေသည်။ ပုံဆင်းသဏ္ဍာန်အား အတိအကျပြရသော် ထိုသူသည် အသက်လေး ဆယ်ခန့်ရှိမည်။ အသားညိုညို၊ အရပ်အမောင်းမှာ ငါးပေဆယ့်တစ်ခန့်၊ နဖူးတွင် ဆံပင်အတန်ငယ်ရှင်းသော ဥပဓိ ရုပ်နှင့် ဖြစ်သည်။အရပ်မြင့်သည်ကတစ်ကြောင်း၊ ထိုသူ၏ မှတ်မိလွယ်သော ဥပဓိ ကြောင့်လည်းကောင်း  ခဏမြင်ရုံနှင့် မှတ်မိသွားလေသည်။ ထို့နောက်.. တိုက်ဆိုင်လေသည်လား မပြောတတ်ပေ။ စီးရမည့် ဘက်(စ်)ကား ဆိုက်လာသည်တွင် ထိုသူစိမ်းနှင့် သူမသည် နှစ်ယောက်ထိုင် ခုံတန်းတွင် ဘေးချင်းယှဉ် လျှက်ဖြစ်နေပြန်သည်။သူမနေရာက ကားပြတင်းပေါက်နားမှာ..။ ကားခုံ ၏ နောက်မှီသည် သာမာန်ထက် အနည်း ငယ်လျှောနေ သည်ဖြစ် ၍ ကျောကို ပုံမှန်ထက်ပိုကာ မှီထား လိုက်ရသည်။ ထိုစဉ်တွင် သူမအနွေးထည်ဘေးအိပ်ထဲတွင် အကြမ်းခံ ဖုန်း(စုတ်)လေးတစ်လုံးလည်း ရှိနေသည်။(ထိုဖုန်းသည် ယခုပို့စ်အတွက် အဓိက ဇာတ်ကောင်ပင်ဖြစ်သည်။)

မကြာမီ.. သူမဆင်းမည့်မှတ်တိုင်သို့ ရောက်လာလေသည်။ အမြဲလိုလို ပြာယိပြာယာနှင့် အမှုမဲ့၊အမှတ်မဲ့ ရှိနေတတ်သောသူမသည် ဘေးအိပ်ထဲမှဖုန်းလေး အမှတ်မထင် လျှောကျ ကျန်နေခဲ့သည်ကို မသိချေ။ ထွက်သွားသော ဘတ်(စ်)ကား ခပ်ဝေးဝေးသို့ရောက်သွားချိန်မှ သူမအိပ်ထဲမှ ဖုန်းကို သတိရမိလေသည်။ မကြာခဏ ကြားမိနေသော ဇာတ်လမ်းတစ်ခုကို ကိုယ်တိုင်ခံစားမိလိုက်သောအခါ  “အိုးထိန်းစက်ပမာ” ချာချာလည်သွားလေတော့သည်။ ရုတ်တရက်ဆိုသလိုပင် သူမဘေးနားက သူစိမ်းကို မျက်စိ ထဲ မြင်ယောင်မိလေ သည်။ ထိုသူစိမ်းသည် လူကောင်းလော၊လူဆိုးလော ခပ်မြန်မြန်စဉ်းစားလိုက်စဉ် သူမစိတ်ထဲတွင် အနှုတ်လက္ခဏာသာ ဆောင်နေသည်။ နံပါတ်အသစ်ဖြစ်နေ၍ ထိုဖုန်းနံပါတ်ကို သူမလည်း အလွတ်မရပေ။ အိမ်ကိုလှမ်းမေးလိုက်လျှင်လည်း လူကြီးတွေသိကာ စိတ်ပူကြကုန်လိမ့်မည်။ ထို့ကြောင့်.. သူမအနေနှင့် စိတ်ချရသူတစ်ယောက်ကို သတိရသွားကာ (ဆသရ ဖုန်းဖြင့်)နံပါတ်လှမ်းမေးလိုက်သည်။

ထိုဖုန်းနံပါတ်ဆီ သူမခေါ်လိုက်သောအခါ တစ်ခေါက်မှ နှစ်ခေါက်သို့တိုင် ချက်ချင်းခေါ်မရပေ။ သုံးကြိမ်မြောက်တွင်မှ ဖုန်းဝင်သွားလေသည်။(MPT သည် ထိုအခြေနေထိတိုင်အောင် အကျီစားသန် လွန်းပါ၏။)သူမထင်သည့်အတိုင်းပင် ထိုသူစိမ်း ဖုန်းကိုင်လာသည်။တိုက်ဆိုင်လေသည်လားမသိ.။ ကြားဖူးနေသော အကြောင်းအရာများအတိုင်းပင် သူသည် သူမဆင်းသောမှတ်တိုင်ထက်လွန်၍ ခပ်ဝေးဝေးသို့ ရောက်နေပြီဖြစ်၍ အဆင်ပြေသောအချိန်မှ(ညနေဖြစ်ဖြစ်) ဖုန်းကိုလာယူရန်၊ သူလည်းအလုပ်ကိစ္စ အဆောလျှင်၍ ပြန်လှည့်မလာနိုင်တော့ကြောင်း ပြောလေသည်။ ဒီပုံစံအတိုင်းဆို သူမအနေနှင့် အိမ်ပြန်ရန် ခက်နေလိမ့်မည်။ မဖြစ်နိုင်သောကြောင့်. .. ရောက်ရာမှတ်တိုင် မှပြန်ဆင်းခဲ့ပေးပါရန်၊ အငှားကား စီးလာပါက သူမအနေနှင့် အလွယ်တကူ ထုတ်ရှင်းပေးမည်ဖြစ်ကြောင်း ကတိပေးလိုက်သည်။ ထိုအခါမှ သူ့ကိုယုံစေချင်ကြောင်း၊ သူမဖုန်းအား တစ်စုံတစ်ခုဖြစ်စေမည် မဟုတ်ကြောင်း၊ ရောက်နေသည့်မှတ်တိုင်တွင် ဆက်စောင့်နေရန်၊ မကြာခင်သူ ပြန်လှည့် လာခဲ့မည်ဖြစ်ကြောင်း ကတိပေးလေသည်။ ထိုအခါမှ သူမလည်း စိတ်ချ သွားနိုင်လေသည်။ သို့သော်... ထိုသူ့ထံ ဖုန်းဆက်ပြီးချိန်မှစ၍ နောက်ထပ်ငါးမိနစ် ကြာသည်အထိ အရိပ်အယောင် မျှ ပေါ်မလာလေသောအခါ သူမစိတ်ပူရပြန်သည်။ ဒုတိယအကြိမ်မြောက် ဖုန်းပြန်ဆက်လိုက်သည့်အခါ သူမရပ်နေသော မှတ်တိုင်တစ်ခုအလိုတွင် ရောက်နေပြီဖြစ်ကြောင်း စီးလာသောကား ဘီးပေါက်နေသောကြောင့် ထိုနေရာသို့ပင် ကိုယ်တိုင်လာယူစေ လိုကြောင်း ပြန်ပြောလေ သည်။

ထိုအခါ.. သူမလည်း မဆိုင်းမတွပင် အပြေးသွားလိုက်ရာ ခပ်လှမ်းလှမ်းအရောက်တွင် ထိုသူစိမ်းကို မြင်လိုက်ရ၍ ၀မ်းသာသွားမိသည်။ ထို့နောက် ထိုသူစိမ်းက သူမဖုန်းလေးကို ပြန်ပေးသည်။ (သူပြောသည့် ဘီးပေါက်နေသောကားကိုလည်း ထိုနေရာတွင် မတွေ့မိပေ ) သူမကလည်း ကျေးဇူးတင်စကားဆိုလိုက်ကာ သွားလိုသောခရီး နှောင့်နှေးနေမည်စိုး၍ နီးစပ်ရာ ဘတ်(စ်)ကားပေါ် ခပ်သွက်သွက် လှမ်းတက်လိုက်လေသည်။ ခပ်လှမ်းလှမ်း ထပ်ရောက်ပြန်မှ သူမဖုန်းလေးကို ပြန်ကြည့်မိလေသောအခါ....

'' No Sim Card ..... ''

--------------------------

သည်နေရာမှာ ပို့စ်ကိုအဆုံးသတ်လိုက်လျှင် မမြင်ဖူးသော ထိုသူစိမ်းအပေါ်တွင်  သူမ မိတ်ဆွေ (စာရှုသူများ) အမုန်းပွားကြမိမှာ အသေအချာပင်ဖြစ်သည်။

တကယ်တော့.....
ထိုဖုန်းထဲမှ MPT Sim Card လေးမှာ.. ပျောက်သွားသည်မဟုတ်။
ဖုန်းမှာ ဆင်း(မ်)ကဒ် နှစ်ခုဆန့်သည်ကိုမေ့နေကာ သူမအနေဖြင့် အလျှင်လို ကြည့်မိပြီး မျက်စိလျှမ်း သွားခြင်း သာ ဖြစ်လေ သည်။

ထို့ကြောင့်... သူမ၏ ပေါ့ဆမှုအသီးသီးကြောင့်သာ ဖြစ်ခဲ့ရသော ယခုဖြစ်စဉ်တွင် နေရင်းထိုင်ရင်းပင် အထင်လွဲခံရရှာသော (အမည်ပင်မမေးလိုက်မိပေ) ထိုသူစိမ်းလူအား လွန်စွာ အားနာမိပါသည်။

ထို သူစိမ်းလူကဲ့သို့ သူတစ်ပါးအား ကူညီဖူးသူများ ဤပို့စ်ကို ဖတ်မိပါက သူမကို စိတ်ဆိုးကြမည် သာ ဖြစ် သည်။သူမ၏ မပြုလုပ်သင့်သောအမှားနှင့် မထားအပ်သော သံသယကြောင့် အမည်မသိ သူစိမ်း လူတစ်ယောက်၏ စေတနာမှာ ဝေဒနာ ဖြစ်သွားခဲ့သည်ကို  အတွေးရောက်တိုင်း စိတ်မကောင်းဖြစ် ရပါသည်။

လူ့ဘ၀တွင် တစ်ခါတစ်ရံသာ ကြုံတွေ့ရသော သင်ခန်းစာများသည် ငွေနှင့် လဲ၍ မရနိုင်လောက်အောင် အဖိုးထိုက်တန်လှကြောင်း နောက်ကျမှ သိခွင့်ရခဲ့ခြင်းပင်..။



 ဝေဇယန္တာမှတ်တိုင်နှင့် ၄၉ကိုးမှတ်တိုင်သို့  အမှတ်တရ -







ချစ်ခင်လေးစားလျှက်
သမီးစံ





Friday, January 4, 2013

မေမေ





မေမေဟာ
သူ့မ လက်နှစ်ဖက်နဲ့
ကျွန်တော့် ကျောကိုသပ်
အေးအေးအိုနဲ့ သီချင်းဆိုသိပ်တယ်....

မေမေ့ မေတ္တာဓါတ်ဟာ
ပုခတ်ကြိုးကနေ ကျွန်တော့် ရင်ထဲ စီးဝင်
အေးမြငြိမ်းချမ်းစွာ တသွင်သွင်...စီးတယ်...

မေမေ....
သူမဟာ ကြယ်ကလေးများရဲ့ ကောင်းကင်ဖြစ်တယ်...
သူမဟာ အလင်းရောင်များရဲ့ ရှင်သန်မှု ဖြစ်တယ်....
သူမဟာ ပန်းရနံ့များရဲ့ မွေးဖွားသန့်စင်ရာ ဖြစ်တယ်....
သူမဟာ ကံကော်တစ်ရွက်ရဲ့ နေ့ရက်တစ်ရက်လည်း ဖြစ်ပါတယ်...

မေမေဟာ
ပန်းပင်တွေပျိုးဖို့ သူကိုယ်တိုင် မိုးအဖြစ်ရွာခဲ့တယ်
လမင်းအိပ်ချိန်များမှာတောင် အလှဆုံးပြုံးတတ်တယ်...
မေမေဟာ
ကျွန်တော်တို့ကို.....
ဆောင်းဥတုနံနက်ခင်းကို အေးမြလန်ဆန်းစေတယ်
မိုးညသန်းခေါင်ယံလို ငြိမ်းချမ်းလုံခြုံစေတယ်
မေမေဟာ
ကျွန်တော့်တို့ရဲ့ ပင်လယ်ပြာပြာကြီး....
လှိုင်းလုံးတွေစီးပြီး ညနေခင်းဆီ အလည်သွားဖူးတယ်....

ကျွန်တော်ငိုချင်တယ်..မေမေ
မေမေဟာ ကျွန်တော့်ရဲ့ သက်တံတစ်စင်းဖြစ်ပေမယ့်
ကျွန်တော်ဟာ မေမေရဲ့ အလင်းဆိုင်လေးတောင် မဖြစ်ခဲ့...
သာမန် ရေအိုးလေးရဲ့ အေးမြမှုတောင် မပေးနိုင်ခဲ့...
ကျွန်တော်ဟာ မေမေအတွက် ဒဏ်ရာတွေ သယ်ယူပေးတဲ့ ရထားတစ်စင်းသာဖြစ်ခဲ့တယ်...

မေမေ....
ဂြိုလ်တွေကို သီပြီး မေမေ့လည်မှာ ဆွဲပေးချင်တယ်
ကျွန်တော်ဟာ စကြာဝဠာကြီးလောက် မကြီးမြတ်ပေမဲ့
ဓါးတစ်လက် ထက်ရှမှုမျိုးတော့ ရှိခဲ့ပါတယ်.....
သံချေးတတ်နေတဲ့ မေမေ့သားဟာ
ဒီတစ်ရက်တော့ ထက်မြက်နေစေမယ်..
မေမေ........
ကျွန်တော် တိမ်တွေကိုစီး
မိုးရွာအောင် ဗုံတီးလာခဲ့မယ်
မေမေ မွေးနေ့မှာ ပန်းအငွေ့လို ချမ်းမြေ့အောင် လို့ပါ.................။

(လွတ်လပ်ရေးနေ့တွင် မွေးဖွားသော ချစ်မေမေရဲ့ (၆၅) နှစ်မြောက် မွေးနေ့အမှတ်တရ )


Eleventh son

Tuesday, January 1, 2013

(၁.၁.၂၀၁၃) မွေးနေ့ရှင်သို့





ကြီးသူရိုသေ၊ရွယ်တူလေးစား၊ငယ်သူ သနားခဲ့သူ

အားနည်းသူကိုဖေးကူခဲ့သူ

တောက်မည့်မီးခဲတစ်ရဲရဲလေးတွေ

အနာဂတ်ရဲ့သားကောင်း၊သမီးမွန်လေးတွေအပေါ်

အထောက်အကူဖြစ်စေခဲ့သူ..

အလေးထားကာ အဖိုး၊အဖွားတွေကို ကူညီ၊ဖေးမ ပေးခဲ့သူ

အကူအညီတွေကို အမြဲမပြတ်နားစွင့်နေသူ


ဒီကနေ့မှာ ကျရောက်တဲ့မွေးနေ့ရက်မြတ်မှသည်..

စိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာနဲ့ 

ရှေ့ဆက်မယ့် သည်ခရီးလမ်းမှာ

အခက်အခဲမရှိ..

ခလုတ်ကန်သင်းဟူသမျှ ကင်းလွတ်ငြိမ်းအေးစွာနဲ့..

ဘာသာ၊သာသနာ၊လူမှုအကျိုးပြု တာဝန်များကို 

ဆထက်တန်ဖိုး ထမ်းဆောင်နိုင်ပါစေ..။

ပြီးတော့..

မွေးနေ့မှာ ပျော်ရွှင်ပါစေ“ မုဒိတာ” 

--------------------- 




မုန့်လေးများ စားရလို၊စားရငြား.. 

 ဆုတောင်းပေးလိုက်ပါကြောင်း...း))





ချစ်ခင်လေးစားစွာနဲ့

သမီးစံ

Saturday, December 29, 2012

2012 ကို ပြန်လှည့်ကြည့်ခြင်း (Tag)

အားလုံးဘဲ... မင်္ဂလာပါ။
သမီးစံ ဆိုတဲ့ အပေအတေတစ်ကောင်ကို မှတ်မိကြအုန်းမယ်ထင်ပါတယ်။း)
ပြီးခဲ့တဲ့ရက်အနည်းက “ခံစားမှုသံစဉ်”အိမ်ပိုင်ရှင် ဘလော့ဂါ(အစ်မ)စီအိုင်အေ ပစ်ပစ်က  ၂၀၁၂ခုနှစ် ကို ပြန်လှည့် ကြည့် ခိုင်းပါတယ်။ ဆရာမောင်ဘုန်း (ကောင်းကင်ဖြူ)ကလည်း ဖေ့ဘုတ်ပေါ်က ဆင်းခဲ့ပါတဲ့း)

ဒီခေါင်းစဉ်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်တိုင်ကလည်း အုန်း လွဲနေ ပါတယ်။ဒီတော့ .. လှည့်ကြည့်ဖို့ အဆင် မပြေ ဘူးပေါ့နော်။ (တကယ်လွဲနေတာပါ။ မယုံရင် ပုံပြင်လိုမှတ်း)



နှစ်တစ်နှစ် ကုန်သွားတိုင်းမှာ (နှစ်တိုင်းလိုလို)ခံစားမိတာကတော့ ဘယ်အရာမှ မမြဲဘူး ဆိုတာ ပါဘဲး)။ နှစ်ထောင့်ဆယ့်နှစ်မှာ ကိုယ်ကိုယ်တိုင်ခံစားရတာသလို တစ်ပါးသူကိုထိခိုက် နစ်နာစေခဲ့တာတွေ ပါအများကြီးရှိခဲ့တာမို့မသိစေချင်တာလေးတွေကိုထိန်ချန်ပြီးတော့ ရေးသွားပါမယ်…း)။
ဖြစ်ခဲ့ပြီးတဲ့ နောက်ကြောင်းတွေကို ကောင်းသော်ရှိ၊ ဆိုးသော် ရှိ ပြန်မ လှည့်ကြည့်ချင်တော့ပေမယ့် စီအိုင်အေရဲ့ တစ်ချက်လွှတ်အမိန့်ကို မလွန်ဆန်နိုင်ပါဘူး။ အကြောင်း သိသလိုရှိနေတော့ ပို.. ကြောက် ရပါတယ်း)) (အလျှောက်ကောင်း အထောင်းသက်သာသဟဲ့.. :P)

ဒီတော့... ၂၀၁၂မှာ မှတ်မိတာလေးတွေကို “လ”လေးတွေနဲ့ အစဉ်တိုင်း စဉ်းစားပြီး ရမ်းဖြီးသွားပါမယ် :D
ဇန်န၀ါရီလမှာ အမေ့မွေးနေ့လုပ်ပါတယ်။ထူးထူးခြားခြားမဟုတ်ပေမယ့် ရေးတဲ့အထဲမှာ“လ”တစ်လ လိုနေမှာစိုးလို့ရေးဖြစ်လိုက်ပါတယ်။အမေ့မွေးနေ့မှာဘာမှလည်းမပေးခဲ့နိုင်ပါဘူး။
 နှစ်ထောင့်ဆယ့်သုံးမှာတော့ ပေးနိုင်ပါလိမ့်မယ်..း)


ဖေဖော်ဝါရီလမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ သန်လျင်မြို့ရဲ့ အထင်ကရ “ဆံတော်ရှင် ကျိုက်ခေါက်စေတီ တော်မြတ်ကြီး” ရဲ့ ဗုဒ္ဓပူဇနိယပွဲတော်မှာ ဘုရားဖူးပြည်သူတွေကို နှစ်စဉ် စတုဒီသာကျွေးမွေးနေတဲ့ “တက္ကသိုလ်များ မိသားစု”ဓမ္မာရုံမှာ ကူညီဖြစ်ခဲ့ပါတယ်။အခုလိုမျိုး ကူညီခဲ့ဖူးတာ ပထမဦးဆုံးအကြိမ်ဆိုတော့ ထူးခြားတယ်ပြောရပါမယ်။ 

မတ်လမှာ နေတော်တော်ပူပါတယ်။ :D

ဧပြီလ(၆)ရက်နေ့မှာ မှာ “မြန်မာမုဒိတာလူငယ်များ”ဆိုတဲ့ လူငယ်ပရဟိတ အဖွဲ့လေးမှာ တစ်တပ်၊တစ်အား ပထမဆုံး ပါဝင်ကူညီပေးခဲ့ပါတယ်။ သဒ္ဒါပေါက်ပြီး လာရောက်လှူဒါန်းတဲ့အလှူရှင်တွေခမျာ အလှူခံပေးတဲ့ သူဆီ အိမ်တိုင်ရာရောက် အလှူငွေ ထည့်လာပေးတာကို လက်ခံပေးရတဲ့အထိအောင် ကူညီဖြစ် ခဲ့ပါတယ်း)။  မုဒိတာအဖွဲ့နဲ့လက်တွဲလုပ်ရတာ ပျော်စရာလည်းကောင်းသလို၊ မိတ်ဆွေ သူငယ်ချင်းတွေ လည်း  အများကြီး ကောက်ရခဲ့ပါတယ်။

ဧပြီလ (သင်္ကြန်တွင်း)မှာသီလရှင်ခဲ့ပါတယ်။
အသက်ခပ်ငယ်ငယ်တုန်းက တစ်ခါဝတ်ခဲ့ဖူးတာကြောင့် ဒီတစ်ကြိမ်က ဒုတိယအကြိမ်ဖြစ်သွားပါတယ်။ အစပျိုးပြီးပြီ။ အရှိန်ရလာပြီဖြစ်တဲ့အတွက် နောင်နှစ်တွေလည်း အကောင်အထည်ဖော်သွားနိုင်ဖို့ ရည်ရွယ် ပါတယ်။ အရည်အတွက်ကနေ အရည်အချင်းဖြစ်အောင် ကြိုးစား ရင်းပေါ့လေ (ပြောတာပါဘဲ..း) ။ ဆံပင်တွေကိုပယ်၊ လူဝတ်ကနေ၊ သစ်ခေါက် ဆိုးရောင် လဲတော့ အမေကပြောတယ် “ဆရာလေး နဲ့သိပ်လိုက်တာဘဲ”..တဲ့။ ရာသက်ပန် ၀တ်ဖြစ်ရင် အမေတော့ မယ်တော် ကြီးဖြစ်ရချည်သေးရဲ့..း))။ တိုက်ဆိုင် တာလားတော့ မပြောတတ်ပါဘူး။ ကိုယ်နဲ့ အတူ တရားအားထုတ်မယ့် အခန်းဖော် ဆရာလေး တွေကလည်း ရာသက်ပန်တွေချည်းပါဘဲ။ ဆရာလေးတွေ အကုန်လုံးက ငယ်ဖြူတွေဆိုတော့ ကိုယ့်ကိုလည်း ငယ်ဖြူစေချင်တဲ့စေတနာနဲ့(ထင်ပါရဲ့) အကြောင်း၊အကျိုးတွေ ဆင်ခြင်၊တရားပြပြီး ရာသက်ပန်ဝတ်ဖို့ မိန့်ကြပေမယ့်…ဘယ်လောက်ဘဲ တရားတွေပြပြ ပုတုဇဉ်ပီပီ ဒီဆရာလေးကတော့ ခုနှစ်ရက်နဲ့ လူဝတ်လဲပြီး ပြန်ဖြစ်ခဲ့ပါတယ် :D။ ဒါတောင်ဇွဲမလျှော့ဖြစ်ကြသေးဘဲ နောင်နှစ်ဒီလိုအချိန် လာခဲ့ဖို့၊ ဆရာလေးတို့ ဒီမှာဘဲ ရှိနေမယ် ဆိုတဲ့အကြောင်း စကားလက်ဆောင်ပါးဖြစ်အောင် ပါးလိုက်ပါသေးတယ်။ ဆရာလေး ၀တ်ခဲ့တဲ့ အကြောင်းတွေကို အချိန်ရရင် ပို့စ်တစ်ပုဒ်ရေးပေးပါမယ်။ ပို့စ်ထဲမှာ သရဲလေးပါ ခြောက်ပြ လိုက်ရင် ပိုပြီးစိတ်ဝင်စားကြလေမလားနော်..း)။


မေလ(၁၄)ရက်နေ့မှာ စာရေးဆရာမတစ်ဖြစ်လည်း ဘလော့ဂါ(အစ်မ)မြသွေးနီဆီက “အိပ်မက်ကောက်ကြောင်း” စာအုပ် လေးကို လက်ဆောင်ရခဲ့ပါတယ်။စာရေးဆရာတစ်ယောက်ရဲ့ ကိုယ်တိုင်ရေး အမှတ်တရ လက်မှတ်စာသားနဲ့အတူ စာအုပ်လက်ဆောင်ရတာ ပထမဦးဆုံး အကြိမ် ဘဲဖြစ်ပါတယ်။အဆိုပါ စာအုပ်လေးနဲ့ မေလ(၁၄)ရက်နေ့အတွက် အစ်မမြသွေးနီကို ကျေးဇူးအထူး တင်မိပါတယ်ဆိုတဲ့အကြောင်း ဒီနေရာလေးကနေ ပြောလိုက်ပါရစေ..။( ကျေးဇူးတင်စကားပြောတာ သိပ် မနောက်ကျသေးပါဘူးနော်.အစ်မး)) 

ဂျွန်၊ဂျူလိုင်ကတော့လက်ဆောင်ပဏ္ဍာတွေ တစ်ဖွဲဖွဲ ရောက်လာတဲ့ကာလတွေပေါ့နော်..။ ဘလော့ဂါတွေ ဆီကလည်း ပါ ပါတယ်..။(ကြွားစမ်းအေ.. ကြုံတုန်းး)) ဂျူလိုင်လမှာ www.thameesan.blogspot.com တစ်နှစ်ပြည့်ပါတယ်။ အခုလည်း သူ့ကိုပြစ်ထား တာတော်တော် ကြာပါပြီ။

သြဂုတ်၊စက်တင်ဘာက.. ၀ါတွင်းဖြစ်ပါတယ်။ ((ဟမ်… ဘာမှလည်းမဆိုင်ဘူး)) :P
ဘလော့ဂါ အန်တီတင့်အိမ်ကို ရောက်သွားဖြစ်တာကတော့ ချွင်းချက်ပေါ့နော်း)
တီတင့်ကပြောပါတယ်။ သမီးစံက အေးတယ်နော်တဲ့… ။မျက်မြင်ကိုယ်တွေ့ပြီး ပြောတဲ့စကားမို့ မျက်စိ မှိတ်ပြီးတော့ဘဲဖြစ်ဖြစ် ယုံနိုင်ပါတယ်။ :P

အောက်တိုဘာမှာ သီတင်းကျွတ်ပါတယ်။ ကြုံတုန်းလေး ကိုယ့်အကြောင်းကို နည်းနည်းဖြစ်ဖြစ် သိုးသိုးသန့်သန့် သတင်းလွှင့်ထားချင်ပါတယ်။ သမီးစံဆိုတာ လူကောင်သေးသလို၊အစားလည်းကြီးပြီး အပျော်အပါးမှလွဲ၍ လူစည်ကားရာ ဒါမှမဟုတ် ပွဲလမ်းသဘင်ကို (အင်မတန်) ကြောက်တတ် သူတစ်ဦးဖြစ် ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မညှာမတာ ပြောရရင် လူတောမတိုးရဲတဲ့သူပေါ့နော်း))။ (မင်္ဂလာဆောင်တွေ ကလည်း ဖိတ်လိုက်ကြတာနော်…း)))။

နိုဝင်ဘာမှာ အသက်တစ်နှစ်ကြီးသွားတာက လျစ်လျူရှုထားချင်ပေမယ့် မဖြစ်နိုင်တော့ တဲ့ကိစ္စ တစ်ခု လိုပါဘဲ။ ထားပါတော့..ထားပါတော့…. :P


နိုဝင်ဘာ(၉)ရက်နေ့မှာ မန္တလေးရွှေမြို့တော်ရာက်ခဲ့ပါတယ်။အဆင်ပြေရင် ပို့စ်တစ်ပုဒ်ပေါ့။
အကြွေးမှတ်ထားနော် :P

ဒီဇင်ဘာမှာ ထူးထူးခြားခြား ကမ္ဘာပျက်ပါမယ်တဲ့။သတင်းတွေ သိုးသိုးသန့်သန့် ကြားရာကနေ ကျွတ်စီ ကျွတ်စီနဲ့ ကျယ်ကျယ်လောင်လောင်ဖြစ်လာပါတယ်။ကဲဟယ်.. ပျက်လည်း ပျက်ဟဲ့..ဆို သဘော ရှိ နေနေမိတော့.. ဘလော့ဂါ(အစ်မ)ခရစ္စတယ်က  “အဆင်သင့်ပဲ…ဟေ့” ဆို..ဖေ့ဘုတ်ပေါ် မှာ နုတ်(စ်) ထုတ်ပြီး အဆင် သင့်ဖြစ် နေပြီလားမေးတော့ လန့်ဖျား ဖျားသွားပါတယ်း)။ ကိုယ့်ကိုယ်ကိုယ် အဆင်သင့် မဖြစ် သေး တာ သိရတော့ အချိန်မရတော့မှာ စိုးရိမ်မိပါရဲ့..။

နှစ်ထောင့်ဆယ့်နှစ်ခုနှစ် တစ်နှစ်တာ ကာလအတွက်တော့ ဒီမျှပါဘဲ။
နိဂုံချုပ်အနေနဲ့ပြောရရင် ကော်နက်ရှင်က အင်မတန်ဆိုးရွားလှပါတယ် :D
အမှတ်တရအနေနဲ့ ရေးဖြစ်အောင်ဆော်သြပေးတဲ့တဂ်ပို့စ်ပိုင်ရှင် အစ်မပစ်နဲ့ကိုလည်းကျေးဇူးတင်ပါတယ်။ 
ဖေ့ဘုတ်ပေါ်က ဆင်းခိုင်းတဲ့ ဦးလေးမောင်ဘုန်းကိုလည်းကျေးဇူးတင်ပါတယ်း)

နှစ်ဟောင်းအကုန်၊နှစ်သစ်အကူးမှာ....
 ဘလော့ဂါတွေအားလုံး ကျန်းမာပါ၊ချမ်းသာကြပါစေ

ချစ်ခင်လေးစားလျှက်
သမီးစံ




Friday, November 30, 2012

ဇိမ်



ညယံအခါ ..... ။

မောင်ကခြောင်းပေး ၊ မေ၀င်ပြေးလှည့်

တုတ်ခနောင်းကိုင်ကာ ၊ နေရာကြည့်ရှာ

ရွှေလရောင်ဝါ ၊ထွန်းလင်းသာပ

ဝန်းကျင်တစ်ဝိုက် ၊ စွတ်စိုမြိုက်၍

ကြယ်မြတ်တ္ထိကာ ၊ ကြည်လဲ့ရွှန်းဖြာ

စိုပြေသာလ ၊ အခါသမယ၌

ကြာမျိုးငါးပါး ၊ ခြံရံဝန်းထား

တင့်တယ်သာလှ ၊ နတ်ရေကန်တမျှ

အေးမြချမ်းအေး ၊ စမ်းရေစီးသံ

နားကိုလျှံ၍ ၊၀န်းကျင်တစ်ခို

ရွှန်းရွှန်းစိုသည့် ၊ သာယာပေစွ

ရေကန်ဝ၌ ၊ စိတ်များညွှတ်နူး

ပွတ်အူးသည်းလှိုက် ၊ မူးမိုက်ခဏ ၊ ဤကာလ၌

ကြာရှည်လွယ်ထား ၊ ဒုက္ခ၀မ်းတွင်း

မီးသို့ပြင်း၍ ၊ ဆီကုန်ခမ်းခိုက်

ဤဘုံနန်း၌ ၊နက္ခတ်အစုံ ၊ဆတ်ဆတ်တုန်အောင်

ဥသြဆွဲသံ ၊ဆူဆူညံ၍ ၊ ဖြေရှင်းဒုက္ခ

ကိုယ်တွင်းပ၏ ၊ ပါလိုကောင်းသည့် `အင် အင်း ´ တကား ......... ။ ။ ။ ။

[ အင် အင်း သည်လည်း ပါတတ်လျင် ကဗျာ ဆန်ပါသည်။]

                                                                          “ည”


(ဒီကဗျာကိုမှ ဆားမချက်ရင် နိုဝင်ဘာလအတွက်..Label နေရာမှာ ကွက်လပ်ဖြစ်သွားတော့မယ်။း)) 

ပိုင်ရာဆိုင်ရာများကိုလည်း..ပို့စ်အသစ်ကို မှန်မှန်ဆက်ကြေးမပေးနိုင်တဲ့အတွက် တစ်ပါးတည်းတောင်းပန်ပါရစေ ..
ဖေ့ဘုတ်ပေါ်မှာ (တကယ်)အလုပ်များနေလို့ပါ :D

Friday, October 26, 2012

ဒီနေ့အတွက်

ဝါလကင်းလွတ်တဲ့ မြန်မာတို့ရဲ့ သတင်းကျွတ်လ အခါသမကိုရောက်ခဲ့ပြန်ပြီဖြစ်ပါတယ်။ထုံးစံအတိုင်းပါဘဲ အပျံသင်ဖို့ ငှက်မောင်နှံတွေ အားယူနေကြတဲ့အချိန်ဆိုပါတော့..။ သူတို့ဘာသာ အပျံသင်ကြ ရင်း နောက် ကလိုက်ရတဲ့ အရင်းအနှီးကလည်း တယ်..မသေးလှပါဘူး။ဒီနှစ်အတွက်တော့ အမျိုးထဲက စုံတွဲ သုံးတွဲ ကံစမ်းမဲပေါက်ပါတယ်။ကိုယ့်အတွက်တော့“ညည်း..မင်္ဂလာဆောင်ရင် ရေခဲသေတ္တာတင်မဟုတ်ဘူး တီဗွီ တစ်စုံပါ အဆစ်ထည့်ပေးမယ်..” ဆိုပြီး အားပေး အားမြှောက် ပြုနေသူများ ရှိလာတာကြောင့် ကိုယ် တိုင် ပရိုမိုးရှင်း လုပ်ဖို့ ကြိုးစားကြည့်ပါမယ်း)။

သတိထားမိသလောက်တော့ မင်္ဂလာဆောင်ကြမယ့် စုံတွဲလေးတွေက တစ်နှစ်ထက်တစ်နှစ် အသက် ကလေးတွေ ငယ်..ငယ် လာကြသလားလို့ပါ။ဖြစ်ချင်တာ၊လုပ်ချင်တာလေးတွေ လုပ်နိုင်သေးတဲ့ အရွယ် အိပ်မက်တွေကို လက်တွေ့အကောင်အထည် ဖော်နေနိုင်သေးတဲ့အရွယ်မှာ ဖြတ်လတ် တတ်ကြွနေ ရမယ့် အစား အချစ်ကိုဦးစားပေးနေကြတာ စိတ်မကောင်းတော့ဖြစ်မိပါတယ်။ အိပ်ကပ်ထဲက ဘားချက်ကိုပါ ထိခိုက်လာတဲ့အတွက် ပိုပြီးဝမ်းနည်းရပါတယ်း)။သူတို့လေးတွေကဘဲ ခေတ်ရှေ့ပြေးနေကြတာလား၊ ကိုယ်တိုင်ကဘဲ ခေတ်နောက်ကျနေတာလား သမီးစံ တွေးမတတ်တော့ပါဘူး။ တွေးမတတ်တတ်တော့လို့ မတွေးဘဲထားရင် ခေတ်နောက်ကျရုံတင်မဟုတ်ဘူး။ပြတ်ပါ ကျန်ခဲ့မယ့်အနေအထားပါး)။ တစ်ချို့ ကျတော့လည်း ငယ်တုန်းမှာ မစဉ်းစားဘဲဥစ္စာပစ္စည်းအသင့်အတင့်နဲ့ ပညာစုံပြီ၊ ကြင်ယာ လည်း တွေ့ ထားပြီဆိုမှ ဂဟေဆက်ကြမယ်ဆိုတော့.. ပြောကြပြန်ပါတယ်။ မိုးလွန်မှ ထွန်ချ သတဲ့..။ တစ်ခါ တစ်လေ ပတ်ဝန်းကျင်ကဘဲ လူတွေရဲ့စိတ်ကိုပြုပြင်ပေးသလို ဒီပတ်ဝန်းကျင်ကဘဲ လူတွေ ကို ပျက် စီးစေ ပါတယ်။ ဒိတ်ဒိတ်ကျဲချမ်းသာနေတဲ့ သဌေးကြီးကအစ...ဟိုးလမ်းဘေးမှာ တောင်းစားနေတဲ့ သူ တစ်ယောက် အဆုံးပေါ့..။တရားရပြီး သီလရှင်ဝတ်ချင်ပါတယ်ဆိုတာတောင် ဇရပ်လုတဲ့အဖြစ်နဲ့ ကြုံနေကြတာ အများ ကြီးပါ။ တစ်ချို့လူတွေပြောကြပါတယ်။ တရားကျပြီး ဘုန်းကြီးဝတ်တော့မယ်၊ သီလရှင်လုပ်တော့ မယ်နဲ့..။ တကယ်တမ်းကျတော့ အပြောနဲ့မဟုတ်ဘဲ လက်တွေ့ သာသနာ ၀န်ထမ်း ရတာ တော်တော် မလွယ် လှပါဘူး။မယုံဘူးဆို ကြုံဖူးမှ သိကြပါလိမ့်မယ်း)။

သာသနာ့ဝန် ဆိုလို့ ကြုံတုန်းလေး လွှတ်တော်ကိုတစ်ခုတင်ပြချင်ပါတယ်။(မခံစားနိုင်တော့လို့ပါ) သာသနာကိုညှိုးနွမ်းအောင် ဖျက်စီးနေကြတဲ့အတုအယောင်ဆောင်တွေအကြောင်းပါ။ တွေ့နေရပါတယ်။ ဘုရားပုံအကြီးကြီးတွေလည်ပင်းမှာဆွဲပြီးတော့ ကိုယ့်ရှေ့လာရပ်တဲ့အဖြစ်မျိုးတွေ၊ (ကားပေါ်မှာ ) ဘယ်ကျောင်း၊ဘယ်တိုက်ကပါ၊မယုံလျှင်စုံစမ်းမေးမြန်းနိုင်ပါသည် ဆိုတာမျိုးတွေ..။ ဖိနပ်ပြတ်သွားလို့ အလှူ ခံပါတယ်။ တစ်ခါတစ်လေ နေရင်းထိုင်ရင်းနဲ့ကို(ပါးစပ်လှုပ်ရုံအသံဖြေးဖြေးထွက်ပြီး) ဆဲသွား တာမျိုးတွေ ကိုယ်တိုင်ကြုံရတာများလာတော့ သာသနာတော်အတွက် အရမ်းဝမ်းနည်းမိပါတယ်။ကိုယ်အပါအ၀င် လူတွေကလည်း မပြောကြပါဘူး။ ကိုယ်ချင်းလည်းစာပါတယ်။ လူတစ်ယောက်ကိုတိုင်ပြီ၊တောပြီဟေ့ဆို နားလည်ရသလောက်ကတော့ ခိုင်မာတဲ့သက်သေရှိမှရပါတယ်။အဲ့ဒီ့အတွက် ကိုယ့်အလုပ်လည်း ပျက်ပါတယ်။အသွားမတော်ရင် ကိုယ့်စီးပွားရေးပါ ထိခိုက်လာနိုင်တာဆိုတော့ ဘယ်သူမှလည်း အရေးတစ် ယူမရှိလှဘူးလို့ယူဆပါတယ်။ ဒါတွေကို လွှတ်တော်လူကြီးမင်းများ နဲ့ဆိုင်ရာလူကြီးမင်း များ က ဖြေရှင်းဆောင်ရွက်ပေးသင့်တယ်လို့ (စကားကြုံတုန်းလေး) ရင်ဖွင့်ပါတယ်။စာရေးပြီးတိုင်ဖို့ မဖြစ်နိုင် တာမို့ ကိုယ်ပိုင်တဲ့ ကိုယ့်စာမျက်နှာမှာဘဲ အကူအညီတောင်းပါတယ်။ဒီစာဖတ်နေတဲ့အထဲမှာ အမတ်လောင်းတွေ ပါနေတယ်ဆိုရင်လည်း မှတ်ထားပေးဖို့တောင်းဆိုပါတယ်း)။

ဒီစာရေးနေရင်းနဲ့ အမေကလှမ်းပြောပါတယ်။“ဟဲ့..ကလေးမလေး လူကြီးတွေကိစ္စ၀င်မပါနဲ့ ကိုယ့်ဘာ ကိုယ်နေစမ်း.. နှမ်းတစ်လုံးထဲနဲ့ဆီမဖြစ်ဘူးဟဲ့...”ပြောတော့... ဒီကိစ္စ ဒီမှာ တင်ရပ်ပါမယ်။ (ဒီ နှမ်းတစ်လုံး ထဲနဲ့ ဆီမဖြစ်ဘူးဆိုတဲ့ စကားပုံကလည်း ဘယ်တုန်းက တည်းက ပေါ်လာခဲ့သလဲမသိပါဘူး။)

ဒီနှစ်သတင်းကျွတ်ကိုတော့ခရီးတစ်ခုထွက်ဖြစ်မယ်ထင်ပါတယ်။ ဒီခရီးစဉ်က သေချာသွားရင်တော့ သွားမယ့်ရက်ထဲမှာ ကိုယ့်မွေးနေ့ပါ ပါသွားပါတယ်။ဒါကြောင့် အဆိုပါအရပ်မှာ ရှိနေကြတဲ့ ဘလော့ဂါတွေ အတွက်ကတော့ ကံကောင်းတာလား၊ကံမကောင်းတာလား...း)။မွေးနေ့ရှင်မို့ ကျွေးရတယ်လို့လည်း ဘယ်သူကမှ ပြောမထားခဲ့ပါဘူးနော်။

စာလည်းမရေးတာကြာလို့ မရေးတတ်တော့ပါဘူး။ ဖေ့ဘုတ်ကြီးကိုဘဲ တမ်းတမ်းစွဲနေတော့ ခက်တော့ လည်းခက်ပါတယ်။ ဘလော့ဂါတွေဖေ့ဘုတ်ပေါ်ဘဲနေကြတော့မလား? ဘလော့မရေးတော့ ဘူးလားနဲ့ သို့လော..သို့လော....။ ဖေ့ဘုတ်ကလည်း ဖေ့ဘုတ်ပါဘဲ status တစ်ခုတက် ရင် နောက်ကလိုက်လာတဲ့ comment တွေကလည်း မြန်မှမြန်ဆိုတော့.. စည်စည် ကား ကား၊ ပျော်ပျော် ပါးပါးနဲ့ အပြန် အလှန် ချက်ချင်းသိရတဲ့အနေအထားလေးဆိုတော့ လူတွေစွဲလမ်းကြတာ မ လွန်ဘူး လို့ယူဆမိပါတယ်။ဒါပေမယ့်.. ကိုယ့်အိမ်ကိုတော့ အချိန်မှန်မှန် ပြန်လာဖို့လိုပါတယ်။(သူ့ကျ တစ်လလုံးနေမှ တစ်ပုဒ်လောက်ရေးပြီး သူ များလိုက်ပြောတယ်မပြောကြေးနော်း)

နောက်ဆုံးပြောချင်တာလေးက ဘလော့ဂါတွေထဲမှာ စုံတွဲပြီးသူတွေကော၊မတွဲရသေးတဲ့သူတွေရဲ့ သီတင်းကျွတ်အစီစဉ်လေးကိုလည်း သိချင်ပါတယ်။အောက်က comment box မှာရေးထားပေးခဲ့ပါ။ ကံစမ်းမဲ..“မဖောက်ပါဘူး” ။Lucky Draw အစီစဉ်လည်း... “မရှိပါဘူး”း)။တိုက်ဆိုင်၊ တူညီ တာလေးတွေ ရှိရင် ပျော်ပျော် ပါးပါး ဖြစ်သွားစေ ချင်တဲ့သဘောပါ။ အကျွေးအမွေးရှိတယ် ဆိုရင်တော့ အချိန်၊လိပ်စာ အတိအကျနဲ့ message ပေးခဲ့နိုင် ပါတယ်။(ရေးပြီးမှသတိရတယ် ကိုယ့်ဘက်က အရမ်းများ နစ်နာ သွား သ လားလို့..း)

ချစ်ခင်လေးစားလျှက်

Related Posts Plugin for WordPress, Blogger...
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Facebook Themes