အဲ့ဒီ............
ဆင်ခြေဖုံး ညနေခင်းထဲမှာ
ဖေဖေ့ ဘ၀ရှိတယ်
ထမင်းတစ်ဆုပ် သဲတစ်ဆုပ်နဲ့ ဘဝ
ပြန်လာချိန်ကို မျှော်တတ်သူများနဲ့
အိမ်ကိုမှ တည့်တည့် ပြန်တတ်သူရဲ့ကြား
အပြန်အလှန်နားလည်မှု၊ မေတ္တာသစ္စာရှိမှု
သူက ဘ၀ဆိုတာ ကုန်းဆင်းကုန်းတက်လို့ယုံတယ်
အသိဥာဏ် ဘာသာဗေဒ
ရိုးသားမှုရဲ့ အနီးအဝေး သဘောတရား အလင်းအမှောင်
အချိန်အဆ အားလုံး အားလုံး
အဖြူနဲ့အစိမ်းကနေ ယူနီဗာစီတီအထိ သင်ကြားဖို့
ချွေးဥတွေနဲ့ စာအုပ်တွေကို သူဖန်ဆင်းခဲ့တယ်
ဝလုံးလေးတွေနဲ့ ဘောလုံးကို စကန်
ကကြီး၊ ခခွေးဆိုတာ ဆိုနေကြ သီချင်းလို ပိုင်နိုင်လို့
A B C D လည်း ကျွမ်းကျင်အောင် လုပ်ရတာပဲ
မဟာဗန္ဓုလနဲ့ ပြီးခဲ့တဲ့ သူက ရူပဗေဒ ပုစ္ဆာတစ်ပုဒ်ကို နားမလည်နိုင်
ဒါပေမယ့် ပြုံးလို့ ပျော်လို့ ကျေကျေနပ်နပ်ကြီး အရှုံးပေးလို့
မျက်ခုံးတွေ တွန့်ကွေးအောင် ကျုံ့လို့
အသံဖျားတွေ တုန်ခါပြီး ၀င်တဲ့အထိ
ဟိုဘက်ကမ်းကို သွားခါနီး နူတ်ခမ်းတွေ ဖြူလျော်တဲ့အထိ
ပညာတတ်ကြီး ဖြစ်အောင် လုပ်ဖို့ တဖွဖွ
ဆုပ်ထားတဲ့ လက်တွေ ပြေလျော့သွားတာတောင် ဆုပ်ထားဆဲ
အယူအဆတွေ ၊ အတွေးအခေါ်တွေ ဆုပ်ထားဆဲ
လွှတ်မချရဲ၊ လွှတ်မချဝံ့၊ လွှတ်မချရက်ခဲ့ ...............
ဒီလိုနဲ့ လမ်းကလေးစလျှောက် ကုန်းဆင်းတွေ ကုန်းတတ်တွေနဲ့...။
အခုတော့
ကျွန်တော်တို့ဟာ ယုံကြည်ရာကို မက်ခွင့်ရှိတဲ့
တစ်ကိုယ်တော် လူစွမ်းကောင်းတွေ
ရေပေါ်မှာလည်း သွားနိုင်တယ်
လေပေါ်မှာလည်း သွားနိုင်တယ်
တစ်နာရီလောက် လှုပ်ရှားရုံနဲ့ ညောင်းညာတတ်တယ်
၂၄နာရီ အချိန်ပြည့် မောနေတတ်တဲ့
နေပူကိုကြောက်တဲ့ နေရောင်အောက်က လူသားတွေ
ဒါနဲ့ပဲ ရိပ်နိုင်သမျှရိပ်အောင် အတ္တဆန်ပစ်ကြတယ်
အဲ့ဒီ...................
လျှမ်းလျှမ်းတောက် ညနေခင်းထဲမှာ
ကျွန်တော့် ဘ၀ရှိတယ်
ကော်ဖီတစ်ခွက် စီးကရက်တစ်ဖွာ ဆိုဖာဆတ်တီတွေနဲ့ဘဝ
ဆောင်းရာသီလို အခန်းတွေထဲမှာ အမြုပ်ခွက်တွေ အမြုပ်ခွက်တွေနဲ့
စကားလုံးအကြီးကြီးတွေနဲ့ ကမ္ဘာကြီးတစ်ခုကို ဖန်းတီး
အက်ကြောင်းထပ် သယံဇာတွေနဲ့ ပျော်စရာကြီး
ဒါပေမယ့် .... မပျော်ဘူး
ကြယ်ကလေးတွေ ဘယ်လောက်သင်းသင်း
လ၀န်းလောက်မှ မလင်းနိုင်ရင် သန်းခေါင်ယံမပီသဘူး
................
................
ကျွန်တော် ဖေဖေ့ကို လွမ်းတယ်.................။

ရိုးလတ်(စ်)
(15-5-2013)