Monday, August 26, 2013

အလှူငွေ စုစုပေါင်းအား အသိပေးခြင်းနှင့် စတင်ဆောက်လုပ်ခြင်း (၁)

မုဒိတာရဲ့ အလှုရှင်များအားလုံး မင်္ဂလာပါ..။
ပဲခူးတိုင်း၊ ဥဿမြို့သစ်၊ သဇ္ဇနာမပညာဇေယျုံပရဟိတ(ဘက)ကျောင်း၊ ပေ (၇၀ x ၂၀) ဆောက်လုပ်ရန်အတွက် 13.06.2013၊ ကြာသာပတေးနေ့မှ စတင်ပြီး အလှုခံခဲ့ပါတယ်။အလှုငွေများလက်ခံမှု မပိတ်သိမ်းခင် 28.7.2013၊ တနင်္ဂနွေနေ့မှာတော့ ကျွန်တော်တို့ အဖွဲ့သားများနှင့် အလှုရှင်အချို့  လိုက်ပါပြီး မိုးထဲရေထဲမှာပဲ ကျောင်းဆောက်မဲ့ ဒီနေရာမှာ မှာ ပနက်ချခဲ့ပါတယ်။ 1.8.2013မှာတော့ ဥဿမြို့သစ်အလှုအတွက် အလှုငွေ လက်ခံမှုအား ပိတ်သိမ်းခဲ့ပြီး ပိတ်သိမ်းချိန်အထိ  ရရှိသော နိုင်ငံအရပ်ရပ်မှ စုစုပေါင်း ပမာဏမှာ

(၁) မြန်မာနိုင်ငံမှ ......၃၃,၇၀၅,၀၀၀ ကျပ် ( သုံးရာ သုံးဆယ့် ခုနစ်သိန်း  ငါးထောင်ကျပ်)
၂။ဂျပန်နိုင်ငံ............... ၁၉၂,၀၀၀ ယန်း + ၅၀၀၀၀ ကျပ် 
၃။စင်ကာပူနိုင်ငံ............ ၂,၄၅၅ ဒေါ်လာ
၎။မလေးရှားနိုင်ငံ.......... ၄,၁၅၉ ရင်းဂစ်
၅။ထိုင်ဝမ်နိုင်ငံ............. ၉,၃၆၀ ဒေါ်လာ
၆။အင်္ဂလန်နိုင်ငံ............. ၃၄၀ ပေါင်
၇။အမေရိကန်နိုင်ငံ......... ၅၇၀ ဒေါ်လာ
၈။တောင်ကိုရီးယားနိုင်ငံ.... ၇၀,၀၀၀ ၀မ် + ၁၀၀,၀၀၀ ကျပ်
၉။သြစတေးလျနိုင်ငံ ....... ၂၀၀ ဒေါ်လာ 

ရရှိပြီး စုစုပေါင်း မြန်မာကျပ်ငွေ ၄၀,၀၇၁,၁၀၀ ကျပ် ( သိန်း လေးရာ ခုနစ်သောင်း တစ်ထောင့် တစ်ရာကျပ်တိတိ ) ရရှိပါတယ်။ အလှုရှင်နာမည် စာရင်းနှင့် နိုင်ငံအလိုက် ရရှိသော အလှုငွေစာရင်းကို အောက်မှာ ဖော်ပြပေးထားပါတယ်။



ကျွန်တော်တို့ လက်ရှိ ဆောက်လုပ်နေတဲ့ ကျောင်းရဲ့ drawing ပုံကြမ်း ဖြစ်ပါတယ်။
အဓိက တံခါးမကြီး တစ်ခု၊ တခါးပေါက်ငယ် နှစ်ခု၊ ပြတင်းပေါက် ရှစ်ပေါက်ပါဝင်တဲ့ Front View အနေအထားဖြစ်ပါတယ်။
ဖောင်ဒေးရှင်း ချထားတဲ့ Plan View ပုံစံ ဖြစ်ပါတယ်။ ဒီနေရာမှာ ကြားဖြတ် ပြောကြားလိုတာက ကျွန်တော်တို့ဟာ စာသင်ကျောင်းအတွက် သစ်သားများနေရာမှာ ဟော်လိုဘားများ(သံ)နဲ့ အစားထိုး ဆောက်လုပ်မှာ ဖြစ်ပါတယ်။ နောက် နှစ်အနည်းငယ်အတွင်းမှာ ပေါ်ပေါက်လာတော့မဲ့ ဟံသာဝတီလေဆိပ်ရဲ့ တုန်ခါမှုကို ထည့်တွက်ပြီး အတတ်နိုင်ဆုံး ရေရှည် အသုံးပြုနိုင်အောင် စီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျောင်းသို့ ဆောက်လုပ်ရေး ပစ္စည်းများ ပို့ဆောင်တဲ့အခါ ကျွန်တော်တို့ရဲ့ အဓိက အခက်အခဲက အောက်က တံတားလေးပါ။ ကားဖြတ်လို့ မရပဲ အဆိုပါ တံတားကနေ ကျောင်းနေရာသို့ ဆယ်မိနစ်ကျော်ကျော် လမ်းလျှောက်ရတဲ့ ခရီးအတွက် ဆောက်လုပ်ရေးပစ္စည်း သံ၊ အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ အားလုံးကို လူအင်အားနဲ့ သယ်ရတာ ဖြစ်ပါတယ်။
ဒီတံတားလေးအတွက် ခိုင်ခိုင်ခံ့ခံ့ ဆောက်လုပ်ပေးနိုင်မဲ့ အလှုရှင်ပေါ်ရင် သိပ်ကောင်းမယ်။ သွားရေး လာရေးလည်း တော်တော် အဆင်ပြေ သွားနိုင်မယ်။


ဆရာတော်အပါအ၀င် အကုန်လုံးက ၀ိုင်းဝန်းပြီး ဟော်လိုဘား(သံ)တွေကို သယ်ကြပါတယ်။







အောက်က ကလေးမလေးနှစ်ယောက်က ဆရာတော်ရဲ့ ဘကကျောင်းမှာ ပညာသင်ကြားနေတဲ့ ကလေးမလေးတွေ ဖြစ်ပါတယ်။ အခုလို အခက်အခဲ ကြုံတဲ့အခါ သူတို့လေးတွေက သူတို့ရဲ့ စာသင်ကျောင်း အသစ်လေးအတွက် ၀ိုင်းဝန်းသယ်ပေးကြတယ်။ သူတို့မိဘတွေရော ကိုရင်ပေါက်စ လေးတွေရော အားတက်သရော ပါဝင်ကြပုံက သူတို့တွေ အစိုးရကျောင်းတွေလို လုံလုံခြုံခြုံနဲ့ စာသင်ကျောင်းလေးကို ဘယ်လောက် အိပ်မက် နေကြလဲဆိုတာ သိသာတယ်။ 




ဘကကျောင်းမှာ ပညာသင်လည်း အစိုးရကျောင်းနည်းတူ ပညာတတ်တာ မှန်ပေမဲ့ အစိုးရကျောင်းတွေနဲ့ ယှဉ်တဲ့အခါ ကလေးတို့သဘာဝ သိမ်ငယ်စရာတွေ အပြည့်နဲ့ပါ။ ခါးလေးကိုင်းပြီး သံထည်တွေကို ကူသယ်နေတဲ့ ကလေးငယ်ကို ကြည့်ပြီး ကျွန်တော် ခံစားနားလည်မိတယ်။ ကျွန်တော်တို့ အလှုရှင်တွေရဲ့ စုပေါင်းအလှုဟာ စာသင်ကျောင်းလေးအတွက်သာမကပဲ ဒီကလေးငယ်တွေရဲ့ သိမ်ငယ်စိတ်ကိုပါ မြှင့်တင်ပေးလိုက် သလိုပါပဲ။











တာဝန်သိတယ်ဆိုတာ လူတိုင်း မလုပ်နိုင်တဲ့ အလုပ်တစ်ခုပါ။ သူတို့တွေကတော့ သူတို့မမျှော်လင့်ခဲ့တာအတွက် ရုတ်တရက်ကြီး အိပ်မက်လို ပေါ်လာတဲ့အခါ သူတို့တာဝန်ကို သူတို့ သိတတ်နားလည်ပြီး ယူခဲ့ကြတယ်။ အသက်အရွယ် အတော်ကြီးရင့်နေပြီဖြစ်တဲ့ ရဟန်းအမကြီးတောင် ၀မ်းသာပီတိနဲ့ မမောမပန်းနိုင်း သယ်ပေးရှာတယ်။ ပြောမှသိ ၊ ထိမှ နာ၊ သာမှ နေ၊ သေမှ ခင် ဆိုတာတွေကို ကျွန်တော်တို့လည်း အတတ်နိုင်ဆုံး ရှောင်ကြသင့်တယ်။ ဒီပုံတွေက အလှုရှင်တွေရဲ့ စိတ်ကို အတိုင်းအတာ တစ်ခုထိ ကျေနပ်စေနိုင်မှာပါ။


ကျွန်တော်တို့ ကြုံကြိုက်ခဲ့တဲ့ သူတို့လေးတွေရဲ့ တစ်နပ်စာ ထမင်းဝိုင်းလေးပါ။ ကလေးတွေဆိုတော့ အဟာရရှိတာ မရှိတာ မသိဘူး။ ဗိုက်ပြည့် သွားဖို့က အဓိကပဲ တွေးပြီးစားကြတယ်။ ကျွန်တော်တို့နိုင်ငံ အနာဂတ်လှပဖို့က ဒီကလေးတွေအပေါ်မှာ အများကြီး မူတည်ပြီး သူတို့လေးတွေ ဥာဏ်ရည်ထက်မြတ်စေဖို့ကလည်း စား၊ နေ၊ ၀တ် စမတ်ကြဖို့ လိုပါတယ်။ ကျွန်တော်တို့တွေကမှ သူတို့တွေကို ကောင်းကောင်း support မလုပ်ပေးပဲ သူတို့တွေဆီကသာ အကောင်းဆုံးတွေ မျှော်လင့်နေမယ်ဆိုရင် ဒါဟာ မျှတမှု ရှိနိုင်ပါ့မလား..။

အလှုရှင်များရဲ့ ယုံကြည်မှုကို တုန့်ပြန်သောအားဖြင့် အလှုမှတ်တမ်းများအား အချိန်နှင့် တပြေးညီ ဆက်လက် ဖော်ပြပါမည်..။

မျှဝေခြင်းဟာ ရှင်သန်ခြင်းဖြစ်တယ်..။
မြန်မာမုဒိတာ လူငယ်များအဖွဲ့
22.08.2013



1 comment:

  1. သမီးရေ ကိုယ်ကမလှူနိုင်လို့ သူများလှူတာလေးတွေကြည့်ပြီးပီတိဖြစ်ခဲ့ရတယ်

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..