အနောက်ဖက်ကမ်းသို့..




လွန်ခဲ့တဲ့နှစ်လလောက်က အမေ့ သွားချင်တယ်ဆိုတာကြောင့် (တွံတေးဘက် မျက်စံနီ ကျေးရွာက အဖေ့ဇာတိဖြစ်ပေမယ့် မိသားစု မရောက်တာ ကိုယ့်တစ်သက်မက အတော် ကြာပါပြီ။)  စနည်းနာတဲ့အနေနဲ့ ဒလဘက်ကမ်းက ဓနုတ်ဘုရားကို တစ်ကိုယ်တော် ခြေဆန့်ဖြစ်ခဲ့တဲ့ မှတ်တမ်း တိုလေးပါ။“မြန်မြန်သွားချင် တစ်ယောက် တည်းသွား” ဆိုသလို ခရီးတိုဖြစ်ဖြစ်၊ခရီးရှည်ဖြစ်ဖြစ် စိတ်တူ၊ကိုယ်တူ သူငယ်ချင်း၊ မိတ်ဆွေမပါရင် တစ်ယောက်တည်းသွားတာ ပိုကောင်းတယ်လို့ မြင်မိပါတယ်။  ဒလဘက်ခြမ်းကို တစ်ချို့နေရာတွေမှာ အနောက်ဖက်ကမ်းလို့လည်း ခေါ်ကြပါတယ်။

** ဒီပို့စ်ကို စရေးခဲ့တာက အဲ့ဒီ့နေ့ ဓာတ်ပုံတွေရိုက်ခဲ့တဲ့(ည) ၂၀၁၃ နှစ်လယ်လောက်ကပါ။ အဲ့ဒီ့အချိန် အဲ့ဒီ့ကာလနဲ့ အခုလို ရာဇ၀တ်မှုတွေ ပေါများလှတဲ့ အခြေအနေမျိုးနဲ့ယှဉ်မိရင် တစ်ယောက်တည်း သွားခဲ့ တာကို နောင်တရလို့ မဆုံးပါဘူး။ တစ်စုံတစ်ခု အန္တရာယ်လို့ ကြုံတွေ့လာရရင် နဖူးတွေ့ ဒူးတွေ့ ခံစားရတာ က အရင်ပါ။ ဥပဒေက နောက်မှပါ။ ဒါကြောင့်မို့ ဘယ်ခရီးဘဲသွားသွား ခရီးတိုဘဲဖြစ်ဖြစ် ခရီးရှည်ဘဲဖြစ်ဖြစ် တစ်ကိုယ်တော် မစွန့်စားကြပါနဲ့လို့... **
(အခုဆို တော်ရုံတန်ရုံ အပြင်ထွက်ရမှာတောင် ကြောက်နေလို့.. :D )



ကဲ... စလိုက်ကြပါအုန်းစို့ရဲ့။  ကျွန်မနဲ့ အွန်လိုင်းပေါ်တင်ဘဲ တစ်ကိုယ်တော် ခရီးဆက်လိုက်ကြမယ်နော်.. :)

လွန်ခဲ့တဲ့ နှနှစ်က ရေးခဲ့တာကို နည်းနည်း Edit လုပ်ရုံပါ။ Old Version နဲ့ မြင်ရမှာဖြစ်ပါတယ်။ :P




ရန်ကုန်ရောက်တဲ့ ငါးနှစ်အတွင်းမှာ ဒလဆိပ်ကမ်းကိုခြေချမိတာ ပထမဦးဆုံးပါဘဲ။သဘောင်္စီးဖူးတာလည်း ထိုနည်းလည်းကောင်းပါဘဲ။သက်သက်သာသာဈေးနှုန်း တစ်ဦးငွေငါးဆယ်နှုန်းနဲ့ သက်သက်သာသာ ခရီးသွားနိုင်အောင် စီစဉ်ပေးထားပါတယ်။လက်ဆွဲခြင်းနဲ့ဈေးသည်လေးတွေလည်း အများကြီးပါဘဲ။ သဘောင်္ပေါ်မှာ သဘောကျမိတဲ့ဈေးသည်တစ်ဦးကို တွေ့ခဲ့ပါတယ်။သူ့အရှေ့မှာ အိပ်အကြီးကြီးတစ်လုံး ချထားပါတယ်။လက်ထဲမှာတော့ 5x9 ဆိုဒ်ထက် နည်းနည်းကြီးတဲ့ ပလတ်စတစ်အိပ်တစ်လုံး ကိုင်လျှက်ပါ။  သူက အိပ်အကြီးထဲကပစ္စည်းတွေကို တစ်မျိုးပြီးတစ်မျိုးထုတ်ပြီး အိပ်အသေးလေးထဲထည့်ရင်း ပါးစပ် ကလည်း မရပ်မနားပြောနေပါတယ်။သူပြောပုံက.. “ဟောသည့်မှာခင်ဗျ.. မိဘပြည်သူများအတွက် ပစ္စည်း လည်းမှန် ဈေးလည်းတန်တဲ့ အလှကုန်ပစ္စည်းတွေနဲ့မိတ်ဆက်ပေးချင်လို့ပါခင်ဗျ..” သူ့အိပ်ကြီးထဲက ကာနေးရှင်းဗူးတစ်ဗူးထွက်လာပါတယ်။“တစ်ဗူးကိုတစ်ထောင်ရောင်းပါတယ်ခင်ဗျ..” “တစ်ထောင်တောင် များတယ်..”(ဆက်ပြောပါတယ်) “မများပါဘူးခင်ဗျ မိဘပြည်သူများအတွက် နောက်ထပ် သွားတိုက် တံတစ်ချောင်း အပိုလက်ဆောင် ထည့်ပေးပါ့မယ်ခင်ဗျာ.. ၊ဒါတင်လား မဟုတ်သေး ပါဘူးခင်ဗျ နောက်ထပ် ဆပ်ပြာခဲတစ်ခဲပါထည့်ပေးထားပါတယ်” “ဒါတင်လား.. မဟုတ်သေးပါဘူး ခင်ဗျ..” နဲ့ သူ့လက် ထဲမှာ ခေါင်းလျှောက်ရည်ထုပ်တွေနဲ့ တိုလီမုတ်စ ပစ္စည်းလေးတွေ လေး၊ငါးမျိုးလောက်ပါလာပါတယ်။ ပလတ်စတစ်အိပ်ထဲ အကုန်စုထည့်ပြီးတော့ အားလုံးကိုမှ တစ်ထောင်ပါဘဲခင်ဗျနဲ့ အဆုံး သတ်ပါတယ်။ မြင်နေကျမြင်ကွင်းဖြစ်နေလို့လားတော့မသိ.. ခရီးသည်တွေကတော့ သူ့ကိုစိတ်မ၀င် စား ကြပေမယ့် ကိုင်တိုင်ကတော့ သူကြော်ငြာပုံကို ကြည့်ပြီး သဘောကျနေမိပါတယ်။
{ငါလည်းတစ်နေ့ ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားရမယ်လို့ စိတ်ထဲမှာ ကြုံးဝါးလိုက်ပါတယ်။ (ပီကယ်တွေပါ..)

သဘောင်္ဆိုက်ချိန် စောင့်ရတာ ကြာပေမယ့်။ သင်္ဘောရောက်လာတော့ ခရီးသည်တွေက အဆင်သင့် ရှိနေနှင့်နေကြတာကြောင့် လူတင်ပြီးတာနဲ့ ချက်ခြင်း ထွက်ပါတယ်။မြစ်ထဲ ကိုဖြတ်တော့ မြစ်လေခေါ် မလား..  တိုက်လာတဲ့ လေအေးအေးက သန့်သန့် ရှင်းရှင်းနဲ့ လူကို တော်တော်လန်းဆန်းစေပါတယ်။


ကုန်ပစ္စည်းတွေ၊ လူတွေမနည်းမနောကို တစ်ဝကြီးတင်လာတဲ့သဘောင်္တွေကို ဘယ်သူတွေကများ ဘယ်လိုစိတ်ကူးမျိုးနဲ့ ဘယ်လိုတီထွင်လိုက်ပါလိမ့် တွေးမိပါသေးတယ်။ လောကကြီးမှာ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိပါဘူးနော်..း)


ရန်ကုန်ဘက်ခြမ်းနဲ့ ဒလဘက်ခြမ်း လှမ်းမြင်နေရပေမယ့် သဘောင်္ကတော့ ဆယ့်ငါးမိနစ်လောက်မောင်း ရပါတယ်။ တည့်တည့်ကြီး ဖြတ်တက်လို့မှ မရတာနော် :D


အမြန်သွားချင်တဲ့ ခရီးသည်တွေကိုတော့ မော်တော်ခေါ်မလား “ဇက်”ခေါ်မလား “လှေ”ခေါ်မလား၊ “သမာန်”ဘဲလား  တစ်ခုခု အမည်ရှိတဲ့ ဒီလိုရေယာဉ်တွေပေါ်မှာ တွေ့ရပါတယ်။ (ခေါ်မတတ်လို့ နာ မည်ပေးသွားပါအုန်း..း)


ဒလမြို့က ယခုလိုဘဲ ကြိုဆိုပါတယ်။တစ်ဦးတည်းအမြင်ပြောရရင်တော့ ဒလမြို့က လူနေတော်တော် ထူထပ်ပါတယ်။တွံတေး၊ကော့မှူးး အစရှိသဖြင့် ရွာတွေ၊ရပ်ကွက်တွေ အများကြီးရှိလို့ဖြစ်ပါလိမ့်မယ်။ တစ်နေရာနဲ့တစ်နေရာကလည်း တော်တော်လေးကို ဝေးပါတယ်။ ဘယ်သူ့မှမမေးဘဲ စပ်စပ်စုစု ကောက်ခဲ့ တဲ့လျှက်တစ်ပြတ် စစ်တမ်းအရ ပြောရရင် ကောင်းတဲ့အချက်မှာ နယ်သူ၊နယ်သားများက ခင်မင်၊ဖော်ရွေ ရိုးသားကြတာကိုတွေ့ခဲ့ပါတယ်။ မကောင်းတဲ့အချက်ကတော့ (တွေ့ခဲ့ရသလောက်) ဆဲတတ် ကြတာပါဘဲး)။အဲ့ဒီ့ ဆဲတတ်တဲ့လူတွေကဘဲ ကျွန်မ သွားချင်တဲ့ခရီးကို အခက်အခဲမရှိအောင် ကူညီပေး ကြသူများဘဲ ဖြစ်နေပြန်ပါတယ်။ ဘယ်လိုပြောရမလဲပေါ့နော်... :D။  ကျွန်မတို့သန်လျင် မြေက သီလ ၀ါ ဆိပ်ကမ်းနားမှာ “အောက်တော”ဆိုတဲ့ရွာရှိပါတယ်။ အဲ့ဒီ့ရွာက လူတွေကလည်း ဒလမှာကြုံ ရသလို ပါဘဲ ဆဲတတ်ကြပါတယ်။အမေပြောပြပုံအရဆို  တစ်ယောက်နဲ့တစ်ယောက် လမ်း မှာ တွေ့ လို့ နှုတ်ဆက် ကြရင်တောင်.. “ဟေ့ $#@ ဘယ်ကပြန်လာသလဲ”ပြောရင်းနှုတ်ဆက်ကြတာတဲ့။သူတို့ရန်ဖြစ်တဲ့အခါ ဘယ်လိုပြောရင် နာတတ်ကြသလဲ ကြံဖန် စဉ်းစားမိပါသေးတယ်။ဘာဘဲဖြစ်ဖြစ် ဆဲတတ်သူများဆိုတာ  စိတ်နောက် ပါးစပ်ပါမိတာကြောင့် အကျင့်ဖြစ်သွားရာကနေ ဓလေ့ဖြစ်သွားတယ် လို့ဘဲ သဘော ပိုက် မိ ပါတယ်။ဆို၊ဆုံးမတတ်တဲ့ ပတ်ဝန်းကျင်နဲ့ နီးစပ်သွားမယ် ဆိုရင်တော့ ဒီအ ကျင့်လေးတွေ ပျောက် သွားကြ မယ်ထင်ပါတယ်။


မန္တလေးမြို့က “သိပ်မဝေးပါဘူး တစ်ပြပါဘဲ”ကို ဒလမြို့က “သြော်..နီးသားဘဲ”နဲ့ ကိုယ်စားပြုတယ် လို့တောင်ပြော ချင်ပါရဲ့..း)။ဒလမြေပေါ် ခြေချမိတာနဲ့ ကားဝန်းကြီးနဲ့ တည့်တည့် တိုးပါတယ်။ လက် မှတ် ဖြတ်တွေကို စုံစမ်းကြည့်ရာမှာ ဓနုတ် ဘုရားကို သွားတဲ့ကားရယ်လို့ သပ်သပ် မရှိပါဘူးတဲ့။ သွား ချင်ရင် လမ်းကြုံသဘောမျိုးဘဲ လိုက် လို့ရမယ်ဆိုပါတယ်။ဒါနဲ့.. အထက်ကပြောခဲ့တဲ့ အစ်ကို၊ အစ်မများ ကဘဲ ထွက်ခါနီးကားတွေကိုလိုက်မေးရင်း ကူညီပေးလိုက်တာပါ။စီးမယ့်ကားပေါ်ရောက်တော့ အန်တီကြီး တစ်ယောက်က  “ကလေးမ ဘယ်ကိုသွားမှာလဲ”မေးပါတယ်။ ဓနုတ်ဘုရား ပါ ဖြေလိုက်တော့။ “သြော်.. နီးသားဘဲ”တဲ့။ [တစ်နာရီနဲ့ လေးဆယ့်ငါးမိနစ်ကျော်ကျော် စီးခဲ့ရပါတယ်း)။] ဒါတောင် ကားဆီထည့်တဲ့ချိန်ဘဲ လမ်းမှာ (တစ်ခါ)ရပ်ပြီး မနားတမ်းမောင်းသွားတာပါ။တစ်ယောက်တည်းသွားတာဆိုတော့ ခုနက အန်တီ ပြောသွားတဲ့ “သြော် နီးသားဘဲ”ကို ပြုံးမိရုံဘဲပြုံးခဲ့ရပါတယ်။




ဓနုတ်ဘုရားကိုသွားရာမှာ သပြေကုန်းရွာ၊ညောင်ငုတ္တိုကျေးရွာ၊ပျော်ဘွယ်ကြီး(စံပြ)ကျေးရွာ အစရှိသဖြင့် ရွာငါးရွာလောက်ဖြတ်ပြီးမှ ဓနုတ်ရွာကိုရောက်ပါတယ်။လယ်လုပ်တဲ့သူတွေချည်းဘဲ တွေ့ခဲ့ပါတယ်။ ပျိုးနှုတ် နေတဲ့အစ်မကြီးတွေကိုလည်း တွေ့ခဲ့ပါတယ်။ ကားက ညပ်ညပ်သပ်သပ်နဲ့ဆိုတော့ လှမ်းရိုက်ဖို့ အဆင်မပြေခဲ့ပါဘူး။ အပြန်ကျမှ အားပါးတရ ရိုက်တော့မယ်ပေါ့...




ဒီလိုနဲ့ဘဲ အကြောင်းမညီညွတ်လို့ (သူ့အလိုလိုဆိုလား) မြေခခဲ့ဖူးတဲ့ သမိုင်းဝင် ဆံတော်ရှင် တစ်ဆူဖြစ်တဲ့ ဓနုတ်စေတီတော်ကြီးကို ဖူးခဲ့ရပါတယ်။



အေးချမ်းခြင်းရဲ့ နမိတ် ဆည်းလည်းသံ တစ်ချွင်ချွင်ဖြင့် တစ်ဖြည်းဖြည်း နီးကပ်လို့လာပါပြီ။



ဘုရားအရိပ်၊ တရားအရိပ်ထက် အေးချမ်း ဆိတ်ငြိမ်သော နေရာ မရှိပြီ။


ကျိုက်နဲ့စသော စေတီပုထိုးများမှာ မွန်လူမျိုးအများစု တည်ထားကိုးကွယ်ခြင်း၏ အမှတ်သညာ ဖြစ်ကြောင်း မှတ်သားမိဖူးပါတယ်။ သန်လျင်၊ကျောက်တန်း မှာလည်း ကျိုက်ခေါက်စေတီတော်၊ ကျိုက်မှော်ဝန်းရေလယ် ဘုရား အစရှိသဖြင့် ရှိပါတယ်။ ပါဒကြီးဘုရားကိုလည်း မွန်လူမျိုးတွေကပဲ တည်ထားကိုးကွယ် ခဲ့တာလို့ မှတ်သားမိဖူးပါတယ်။




အရှေ့ဘက်စောင်းတန်း




မြေမခခင်က ပုံကိုတော့ မမြင်ခဲ့ရပါဘူး။ အမေ့ကိုပြကြည့်တော့ အရင်တုန်းက စေတီတော်ထက် အသွင် သဏ္ဍာန်ကော ထုထည်ပါ ကွာတယ်လို့ပြောပါတယ်။




ကျိုက်ထီးဆောင်း ဆရာတော်ဘုရားကြီး၏ လမ်းညွှန်မိန့်ကြားမှုဖြင့် ဇေကမ္ဘာမိသားစုမှ 
လမ်းခင်း ပြုပြင် မွန်းမံခြင်း




အမြင့်အားဖြင့်...


ခြောက်ပေခန့်ရှိသော....



ကမ္ပည်း မော်ကွန်း ကျောက်စာတော်...




စေတီအနောက်ဘက်မှ ဘုန်းတော်ကြီးကျောင်းနှင့် သက်တမ်းရင့် ခရေပင်ကြီး




ရင်ပြင်ပေါ်မှ ဘိုး၊ဘေး စဉ်ဆက် များ...


အရှေ့ဘက်မုခ်မှ ပင်မ ဓမ္မာရုံကြီး




ယိုယွင်းပျက်စီးစပြုနေတဲ့ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းပါ။ 
အနီးအနားမှာတော့ လယ်ကွင်းတွေနဲ့ လယ်လုပ်တဲ့ အိမ်တွေ နောက်.. နွားစားကျက်တွေနဲ့ပါ။ ထူးခြား တာကတော့ လမ်းတစ်လျှောက် တွေ့ ခဲ့တဲ့ အိမ်တွေက နွားတွေကို အိမ်ဆောက်ပြီး ထားတာ ကိုပါ။ အိမ်ပေါ်မှာဘဲ အပေါ့အလေး သွားကြ တာ တွေ့ခဲ့ပါတယ်။ နွားတဲလို ဘေးပတ်ပတ်လည် အကာရံမဲ့မဟုတ်ဘဲ ပျဉ်တွေနဲ့ကာထားတော့ အိမ်လိုဖြစ်နေတာပေါ့နော်။




ဆူညံသံကင်းကင်း တိတ်တိတ်ဆိတ်ဆိတ် စိမ်းစိမ်းစိုစို နဲ့ လေအေးလေးကလည်း တဖြတ်ဖြတ် ....... အခုလိုမြင်ကွင်းမျိုးကတော့ ကိုယ်တိုင်ရောက်သွားသူရဲ့ စိတ်ကို လန်းဆန်းစေသလို တစ်ဆင့် ပြန်လည် ခံစားသူတွေအတွက်ပါ အေးချမ်း ရွှင်ပြစေမှာပါ။ သဏ္ဍာန်လုပ် သရုပ်တူသွားအောင် ပုံကို ကြည့်နေတုန်း ပန်ကာဖွင့်ထားလိုက်ပါ။  :P :P


ဒါကတော့ အပေါ်ကပုံရဲ့ ဘယ်ဘက်အခြမ်းပါ။ မွန်းကျပ်နဲ့ မြို့ပြရဲ့ အငွေ့အသက်တွေကနေ ခနလောက် ဖယ်ခွာ ပြေးထွက်လိုက်စမ်းပါ။ (အလဲ့.... :P )



ငယ်ငယ်ကလိုသာဆို သစ်ပင်ကိုင်းပေါ် ပုခက်ဆင်ပြီး လွှဲကြပြီလေ... :D




Taxi ကားတွေက တစ်နေ့နှစ်ကြောင်းဘဲဆွဲတာကြောင့် အပြန်လမ်းကတော့ တော်တော်ခက်ခဲခဲ့ပါတယ်။ အဲ့လို ဆွဲတာကိုလည်း ကားငှားမရတဲ့အဆုံး ဘုရားရှေ့ ဆိုင်ကယ်ဂိတ်က ဆိုင်ကယ် ငှားစီးတော့မှ ဆိုင်ကယ် သမားပြောပြလို့သိရတာပါ။  [ခရီးတစ်ခုသွားရင် Plan မဆွဲတတ် မစုံစမ်း မမေးမြန်းတတ်တဲ့ အကျိုးပါ။] မြင်ရတဲ့အတိုင်း အိမ်ပြန်လမ်းမှာ မိုးကသည်းတာကြောင့် မိုးကာတစ်ခုသာ ယူသွားမိတဲ့ အကျိုးကို ထပ်ပြီး ခံစားရပါတော့တယ်။ စီးလာတဲ့ ဆိုင်ကယ် နောက်မြှီးကလည်းမြင့် လမ်းကလည်းကြမ်း မိုးကလည်းသည်းနဲ့ ငါလာမိတာ မှားကုန်ပြီတွေပါ တွေး ဖြစ်ကုန်ပါတော့တယ်။ ဒီမိုး ဒီလမ်း ဒီခရီးနဲ့ မဖြစ်စလောက် အခကြေးငွေနဲ့ သင်္ဘောဆိပ်အရောက် ကူညီပေးခဲ့တဲ့ ကယ်ရီဆရာကိုလည်း ကျေးဇူးတွေ အထပ်ထပ်တင်မိပါရဲ့..။





ရေခြား၊ မြေခြားဆိုတော့ ဒါ နိုင်ငံခြားဘဲပေါ့နော်.. :) ဒလဘက်ခြမ်းမှ ရန်ကုန်ဘက်ခြမ်းသို့..




အထင်ကရ ဆိတ်ကမ်းမြို့တော်ကြီး 
ဘာဖြစ်လို့ မြန်မာပြည်ရဲ့ မြို့တော်ဘ၀ကနေ နန်းကျသွားတာပါလိမ့်.... 




နောက်ဆုံးတော့ ကျွန်မ ဆုံးဖြတ်လိုက်ပါတယ်။ နောင်ဘယ်တော့မှ ထပ်မသွားတော့ဘူးရယ်လို့...။ 
ဒါပေမယ့် ဆုတောင်းမပြည့်ခဲ့ပါဘူး။ အိမ်က အစ်မအကြီးဆုံးဟာ သူ့အငယ်ဆုံးသမီးကို (အမျိုးတွေညွှန်လို့) ကွမ်းခြံကုန်းက ကိုယ်ပိုင်ကျောင်း ဘော်ဒါ ထားချင်တယ်ဆိုတာကြောင့် ကိုယ်တိုင် လိုက်စုံစမ်းပေး လိုက်အပ်ပေး  ငါးပိပို့ ငါးခြောက်ပို့နဲ့ ရန်ကုန်နဲ့ဒလ အတော်လေး အကျွမ်းဝင် လည်လည်ဝယ်ဝယ်ဖြစ်ပြီး မသွားချင်လည်းသွား သွားချင်လည်း သွားရပါတော့တယ်။ ဆောင်းနဲ့ မိုးတွင်းဘဲ သွားလို့ကောင်းသလို လိုရှိပါတယ်  နွေရာ သီ ကတော့ ဖုံတလူးလူးနဲ့ ပြန်လာရင် ဆံပင်တွေက အချောင်းလိုက် တောင့်နေပါတယ်။

အတွေ့အကြုံဆိုတာ လွယ်လွယ်နဲ့မရဘူးဆိုတာလည်း ကိုယ်တိုင်လက်တွေ့ ခံစားမိလာပါရဲ့...


အားလုံးပဲ ကျန်းမာသုခ ရှိကြပါစေနော်...

Comments

  1. ဖုန်ထူတဲ့ခရီးသွားတဲ့အခါ မဟော်သဓာ ဇာတ်တော်ထဲက မျောက်ဖြူကြီး
    လေးယောက်ကို သတိရစေတတ်တယ်

    ReplyDelete
  2. အစ်မရေ.. ပြောမပြရင်တော့ ရှာဖတ်ရတော့မယ်။
    မသိဘူးရယ်.. :D

    ReplyDelete
  3. အလည်လာ ဖတ်သွားပါတယ်လို့ :)

    ReplyDelete

Post a Comment

ရေးတတ်သလိုသာရေးသွားပါ၊အားမနာပါနဲ့းD

Popular posts from this blog

ရှာတွေ့မိသမျှ..

Untitle

Blogger ဘ၀ နှင့် Hiker ဘဝ