Sunday, April 15, 2012

မရမ်းချောင်းအလှု မှတ်တမ်းဓါတ်ပုံများ(၃)နှင့် အလှုစာရင်းရှင်းတမ်း

အားလုံးမင်္ဂလာပါခင်ဗျား။အလှုရှင်များရဲ့ စေတနာသဒ္ဒါတရားထက်သန်မှုကြောင့် MMYGရဲ့ ဒုတိယအလှုဖြစ်တဲ့ မရမ်းချောင်း အလှုဟာ အောင်မြင်စွာ ပြီးဆုံးခဲ့ပြန်ပါပြီ။အလှုဓါတ်ပုံများကို ကြည့်ရှုရခြင်းအားဖြင့် အလှုရှင်များအနေနဲ့လည်း မိမိတို့ရဲ့အလှုနဲ့ MMYG လူငယ်များရဲ့ ဆောင်ရွက်ခဲ့ပုံကို အတိုင်းအတာတစ်ခုထိ ကျေနပ်နိုင်ကြလိမ့်မယ်၊ ပီတိဖြစ်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျား။ မရမ်းချောင်းအလှုအတွက် အွန်လိုင်းကနေ အလှုခံကြော်ညာကိုတွေ့ပြီး ယုံကြည်စွာလက်တွဲ လှုဒါန်းပေးခဲ့တဲ့ အလှုရှင်များရဲ့ သဒ္ဒါတရားထက်သန်မှု ၊ MMYG လူငယ်များအပေါ် ယုံကြည်မှုကို ကျွန်တော်တို့အဖွဲ့က အမြဲ မှတ်တမ်းတင်ထားမှာပါ။ဒီနှစ်ထဲမှာမှ စပြီးလုပ်ဖြစ်ခဲ့ကြလို့ တစ်ချို့ နေရာလေးတွေမှာ နည်းနည်း ကို့ရို့ ကားယား နိုင်တာလေးတွေကိုလည်း ခွင့်လွှတ်ပေးစေချင်ပါတယ်။ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့အလှုဟာ နိုင်ငံအရပ်ရပ်က အလှုရှင်တွေရဲ့အလှုပါ။ အဲတာကြောင့် မရမ်းချောင်းအလှုအတွက် နိုင်ငံအရပ်ရပ်မှ အလှုရှင်များအားလုံးအား ကျေးဇူးတင်ကြောင်း ဦးစွာ ပြောပါရစေ။မရမ်းချောင်းအလှုနဲ့ ပါတ်သတ်ပြီး ကျွန်တော်တို့မှာ ထပ်ဆင့်ပြောစရာတွေ အမှတ်တရတွေ တော်တော် များများကျန်ရစ်ခဲ့ပါတယ်။

ပထမဆုံးအမှတ်တရတစ်ခုက မလေးရှားနိုင်ငံကပါ။ကျွန်တော်တို့ အလှုအတွက် အလှုငွေ ထည့်ဝင်ဖို့ “ဆရမ်ဘမ်း”ပြည်နယ်ကနေလာတဲ့ KL အထိ လေးနားရီလောက် ကားစီးပြီး ကြိုးစားပမ်းစားလာခဲ့တဲ့ ကျွန်တော်တို့ရဲ့ညီငယ် ဘလော့ဂါ “ ဒုတိယလူ” ဟာ KL ကနေ Kalangကိုသွားမဲ့ ကားဂိတ်မှာ ဓါးပြအတိုက်ခံခဲ့ရပါတယ်။ရှိသမျှကိုယူသွားရင် ပြသနာမရှိပေမဲ့ ကားပေါ်တင်ပြီး မြို့နဲ့ နည်းနည်းလှမ်းတဲ့ ရာဘာတောအုပ် ထဲကိုခေါ်သွား ကာ လူကိုလည်း ကြိုးနဲ့တုပ်ပြီး ရိုက်နှက်တာ ခေါင်းနည်းနည်းကွဲသွားပါတယ်။တခြားဒဏ်ရာတွေလည်း ရခဲ့ပါတယ်။နောက်ဆုံးလူကို အဆုံးစီရင်ဖို့ထိ သူတို့လုပ်ခဲ့ကြပါတယ်။နောက်နေ့မှာ ဒုတိယလူရဲ့ အမျိုးသမီးဟာ မလေးရှားနိုင်ငံ ဆရမ်ဘမ်းက ဆေးရုံတစ်ခုမှာ အော်ပရေးရှင်းလုပ်ရမှာဖြစ်လို့ သူ့ကိုမသတ်ဖို့၊ ရှိတာတွေသာယူသွားဖို့ ပြောဆိုတောင်းပန်ခဲ့ရပါတယ်။နောက်ဆုံး သူ့ဆီမှာ ပါလာတဲ့အလှုငွေ ပိုက်ဆံနဲ့ ကိုယ်ပိုင်ပိုက်ဆံတစ်ချို့ ၊ ကင်မရာနဲ့ ဖုံးတွေ အကုန်ယူသွားကြပါတယ်။ဘယ်လောက်ထိဆိုးလည်းဆိုရင် အင်းကျီပါ ချွတ်ယူပြီး လူကိုကြိုးတုပ်ရက်နဲ့ ထားခဲ့ကြပါတယ်။ ကံကောင်းထောက်မစွာပဲ သူ့အကြောင်းနဲ့သူ တောထဲလာတဲ့ တက္ကစီသမားတစ်ယောက်က တွေ့လို့ ကြိုးဖြေပေးပြီး အိမ်ကိုပြန်နိုင်ခဲ့ပါတယ်။အခုတော့ သူလည်း တော်တော်သက်သာသွားပါပြီ။အကယ်၍ သူသာ အဲ့ဒီနေ့မှာ အသက်ဆုံးရှုံးခဲ့ရင် ကျွန်တော်တို့အနေနဲ့လည်း MMYGရဲ့ အလှုကြောင့် ဖြစ်ရတယ်ဆိုပြီး ဘယ်လိုမှ ဖြေနိုင်မယ်မထင်ပါဘူး။ (စကားချပ်- အထူးသတိပေးလိုတာက ကေအယ်လ်ကနေ ကလန်းကို သွားတဲ့ကားဂိတ်နဲ့ ကလန်းကနေ ကေအယ်လ်ကိုလာတဲ့ကားဂိတ်ဟာ လုယက်မှုမှာ အလွန်နာမည်ကြီးပါတယ်။အဲ့တာကြောင့် အဲ့ဒီနေရာတွေကို မလွှဲသာလို့ သွားရတော့မယ်ဆိုရင်တောင် အထူးသတိထားဖို့ ထပ်လောင်းပြောကြားပါရစေ။တက္ကစီစီးမယ်ဆိုရင်လည်း ကိုယ့်ထက် အသက်အရွယ်ကြီးရင့်တဲ့ တက္ကစီသမားကြီးတွေကို စီးခြင်းအားဖြင့် မိမိရဲ့လုံခြုံမှုကို ရယူပါ။ဘယ်လိုအကြောင်းပဲရှိရှိ လူတစ်ရာမှာ တစ်ယောက်လောက်သာကောင်းတဲ့ အိန္ဒိယတွေမောင်းတဲ့ တက္ကစီများကို ရှောင်ကျဉ်ကြပါ...)

အမှတ်ရစရာပြီးရင် နောက်ထပ်ကျေးဇူးတင်စရာတစ်ခုက ကျွန်တော်တို့အလှုကို နောက်ကွယ်ကနေ ပံ့ပိုးပေးခဲ့တဲ့ ဒေါ်အိအိစိုး (ရွှေအိမုန့်ဟင်းခါး) နှင့် FEEL Restaurant Group ပါခင်ဗျား။ပစ္စည်းဝယ်ယူတဲ့နေ့ကစပြီး အလှုပြီးဆုံးချိန်ထိ ပစ္စည်းသယ်ယူဖို့ လိုအပ်တဲ့ ကားအခက်အခဲအတွက် အခမဲ့ကူညီပေးခဲ့ပါတယ်။အမေရိကားမှ ဒံပေါက်လှုဒါန်းတဲ့ အလှုရှင်အတွက်လည်း FEEL Restaurant Group မှ အခမဲ့ချက်ပြုတ်ပေးခဲ့ပါတယ်။ အဲ့ဒီအတွက် ဒေါ်အိအိစိုးနဲ့ အလှုနေ့မှာ လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ ၀န်ထမ်းများကို အထူးပဲ ကျေးဇူးတင်ပါခင်ဗျား။နောက်ထပ် ကားလေးတစ်စီး အလှုရှင်ကတော့ ကိုမိုးဇော်သန်းနဲ့ မယွန်းယွန်းတို့ ဇနီးမောင်နှံအား အထူးကျေးဇူးတင်ပါတယ်။ပြင်ပအလှုရှင်များ အနေနဲ့ ကျွန်တော်တို့ မှတ်တမ်းတင် ထားပါတယ်ခင်ဗျား။သူတို့တွေကြောင့် ကျွန်တော်တို့ ဒီအလှုမှာ ခရီးစရိတ်တော်တော်များ သက်သာပြီး ဂေဟာကို ပိုလှုဒါန်းနိုင်ခဲ့ပါတယ်..။
ကိုမိုးဇော်သန်း+မယွန်းယွန်းတို့မှ အခမဲ့ ကူညီပေးခဲ့သော ယာဉ်၊ ဒေါ်အိအိစိုး (အလယ်)နှင့် ၀န်ထမ်းများ
FEEL Restaurant Group မှ အခမဲ့ ကူညီပေးခဲ့သောယာဉ် 
နောက်တစ်ဦးကတော့ ကျွန်တော်တို့ဒီအလှုအတွက် အလုပ်ကို ခဏပစ်ခဲ့ပြီး လိုက်ပါကူညီဆောင်ရွက်ပေးခဲ့တဲ့ မက်ဖန်ဖောင်ဒေးရှင်းမှ ကိုအေးမင်းထွန်း ( ကျွန်တော့်တို့အခေါ် ငဂျင်းမ) အား ကျေးဇူးအထူးတင်ပါတယ်။
ကိုအေးမင်းထွန်း @ ဂျင်းဂျင်း @ ငဂျင်းမ

နောက်ထပ် ကျေးဇူးတင်ရမှာက အလှုဟေ့ဆိုတာနဲ့ အမြဲတမ်း တက်ကြွနေတတ်တဲ့ မြန်မာပြည်က ကျောစွာစိုးမြတ်နဲ့ အဖွဲ့ပါ။သူတို့ လုပ်နေတဲ့ အလုပ်တွေကို တစ်ပတ်လောက် ပစ်ထားကြပြီး အလှုငွေတွေ ရောက်တဲ့နေ့ကစပြီး အလှုအတွက် လုံးပန်းခဲ့ကြတဲ့သူတွေပါ။မီးကမလာ၊ ကွန်ကမရပေမဲ့ နေ့တိုင်း မနက်သုံးနာရီ လေးနာရီအထိ “ဘယ်ပစ္စည်းကတော့ ဘယ်ဈေးရှိတယ်၊ ဘယ်နိုင်ငံက ငွေလွှဲကတော့ မရောက်သေးဘူး” စသည်ဖြင့် နေ့တိုင်း အအိပ်ပျက်ခံ ခေါင်းစားပေးခဲ့တဲ့သူပါ။
(၀ဲမှယာ)ရဲကျော်၊ လွန်းလွန်း၊ ကြည်လှိုင်ဝင်း၊ ညီစိုး၊ ဗညားထွန်း၊ ဖိုးတာ
ကျွန်တော်တို့ လုပ်ချင်တဲ့ပုံစံထက် ပိုကောင်းအောင် အမြဲလုပ်ပေးတတ်ကြတဲ့ မြန်မာပြည်က အမာခံ MMYG တွေပေါ့..။

နောက်တစ်ယောက်က စာမေးပွဲတစ်ဖက်နဲ့ မြန်မာပြည်ကအလှုငွေတွေကို လက်ခံပေးခဲ့တဲ့ သမီးစံပါ။အလှုငွေ ဆယ့်နှစ်သိန်းကျော် လက်ခံပေး နိုင်ခဲ့ပါတယ်။
 သွားပေါ်အောင် ပြုံးနေတဲ့တစ်ယောက်က MMYG ရဲ့ ညီမငယ် သမီးစံပါ။

နောက်ထပ် ကျေးဇူးတင်ရမှာက အလှုပစ္စည်းတွေကို လက်ခံပေးခဲ့တဲ့ ဂေဟာဥက္ကဌနဲ့ မရမ်းချောင်းဂေဟာက အနာကြီးရောဂါ ဝေဒနာရှင်တွေပါ။ သူတို့သာ မရှိခဲ့ရင် ကျွန်တော်တို့လည်း ဒီအလှုမဖြစ်မြောက်နိုင်ပါဘူး။

နောက်ဆုံးကျေးဇူးတင်ရမှာကတော့ MMYG ရဲ့ပင်မ ခေါင်တိုင်တွေဖြစ်တဲ့ ပြည်ပက အကျိုးတော်ဆောင်တွေ ဖြစ်ပါတယ်။“ဒီနေရာကို တပည့်တော် အလှုလေးလုပ်ချင်တယ်ဘုရား”လို့ လျှောက်တော့ စကားတောင် မဆုံသေးဘူး သင်္ကန်းထရုံပြီး လန်ဒန်ရက်ကွက်တွေထဲ အလှုရှင်အရှာထွက်တဲ့ ဗြိတိန်က အရှင်ဇနက(အင်္ဂါမောင်)၊ အလုပ်ကပြန်လာတိုင်း အကိုရေ ပင်ပန်းတယ်ဗျာလို့ ဖုံးဆက်ပြီး ညည်းတတ်ပေမဲ့ အလှုကိစ္စကျတော့ တရေးနိုးဖုံးဆက်တာတောင် တက်ကြွနေခဲ့တဲ့ အမေရိကားမှ ဗညားရှိန်(လင်းခေတ်ဒီနို)၊ ကျွန်တော်နေတဲ့နိုင်ငံမှာ ကိုယ်စားလှယ်မရှိသေးလို့ ကျွန်တော် အလှုခံပေးပါရစေလို့ ကမ်းလည်းကမ်းလှမ်း တစ်ကယ်လည်း လုပ်ပြခဲ့တဲ့ ကျောင်းတစ်ဖက်နဲ့ ဂျပန်မှ ညီငယ် ရန်နိုင် (နေ၀သန်)၊ အလုပ်က တော်တော် မိုးချုပ်မှ ပြန်ရောက်တတ်ပေမဲ့ အလှုအတွက် မဖြစ်မနေ ရုန်းကန်ပေးခဲ့တဲ့ ထိုင်ဝမ်က ဂျယ်ရီပစ်ပစ်၊ နေ့တိုင်း ကျွန်တော်နဲ့အတူ ခေါင်းစားပေးပြီး မရမ်းချောင်းအလှုကို စိတ်တူ ကိုယ်တူထောက်ခံပေးခဲ့တဲ့ စင်ကာပူမှ အိကု(ငြိမ်းနိုင်) နဲ့ ကျွန်တော်ဇနီး မဒမ်ကိုး၊ အလှုရှိတယ်ကွာ ဆိုတာနဲ့ ဂျီမေး ဟက်နေရာကနေ ထပြီး အလှုခံပေးတတ်တဲ့ မလေးရှားနိုင်ငံက မောင်(စွယ်စံကျမ်း)၊အိပ်နေရင်တောင် ကဗျာတွေပဲ အိပ်မက်တယ်ဆိုတဲ့ မိုးဇက်၊ ခုတစ်လော ကားအကြောင်းတွေကိုပဲ တစ်စိုက်မက်မက် လေ့လာနေတဲ့ မောင်ဘုန်း၊ ကျွန်တော် သိပ်ကြိုက်တဲ့ကာရံကဗျာဆရာ နွေတေးရှင်(မင်းဧရာ)၊တစ်နေ့တစ်နေ့ ဆော့ဝဲတွေကြားမှာပဲ ခေါင်းထိုးထားတတ်တဲ့ ကျွန်တော့်ညီ ဇင်ငြိမ်းဦး (မြန်မာအိုင်တီနန်းတော်) တို့အား အထူးကျေးဇူးတင်ပါတယ်ခင်ဗျား။

ကိုယ်တိုင်မလှုနိုင်ခဲ့ကြပေမဲ့ အွန်လိုင်းမှာ လက်ဆင့်ကမ်းပေးခဲ့ကြတဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။အလှုမှာ ပါဝင်လှုဒါန်းပေးခဲ့တဲ့ မနိုင်းနိုင်းစနေနဲ့ အန်တီတင့်တို့လို စီနီယာဘလော့ဂါများမှ စန်းထွန်း၊ ကန်ဒီခိုင်၊ ချစ်စံအိမ်တို့လို ဖန်စီဘလော့ဂါငယ်များအထိ အားလုံး အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား..။
ကျန်းမာရေး ပဒေသာပင်အလှုငွေ (၁၁)သိန်းအတွက် အတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ဖြစ်ပါတယ်။
မရမ်းချောင်းဂေဟာ မီးရရှိရေး မတည်ငွေ ကျပ်(၁၀)သိန်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ဖြစ်ပါတယ်။
လှုဒါန်းမှုစုစုပေါင်း ( ၄,၆၆၆,၉၁၃ )ကျပ် လေးဆယ့် ခြောက်သိန်း ခြောက်သောင်း ခြောက်ထောင် ကိုးရာ တစ်ဆယ့် သုံးကျပ်)အတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ဖြစ်ပါတယ်။

ကျေးဇူးတင်ထိုက်တာတွေ ပြီးရင် အလှုစာရင်းရှင်းတမ်းကို ဆက်ပါ့မယ်။ဒီအလှုအတွက် စုစုပေါင်းအလှုငွေ ၄,၇၄၈,၆၂၇.၅၀ကျပ်(လေးဆယ့် ခုနစ်သိန်း လေးသောင်း ရှစ်ထောင် ခြောက်ရာ နှစ်ဆယ့် ခုနစ်ကျပ် ငါးဆယ်ပြား) ရရှိပြီး စုစုပေါင်း ကုန်ကျစရိတ် ၄,၆၆၆,၉၁၃ ကျပ် ( လေးဆယ့် ခြောက်သိန်း ခြောက်သောင်း ခြောက်ထောင် ကိုးရာ တစ်ဆယ့် သုံးကျပ်) ဖြစ်ပါတယ်။လက်ကျန်ငွေ ၈၁၇၁၄.၅၀ကျပ် (ရှစ်သောင်း တစ်ထောင် ခုနစ်ရာ တစ်ဆယ့် လေးကျပ် ငါးဆယ်ပြား) ကျန်ရှိပါတယ်။ လက်ကျန်ငွေများထဲမှ ဂုဏ်ပြုမှတ်တမ်းလွှာများအတွက် မှန်ဘောင်များ ပြုလုပ်ပြီး ပိုလျှံသော ပမာဏအား ကျွန်တော်တို့ရဲ့ နောက် သုံးလ အကြာမှာ ထပ်မံပြုလုပ်မဲ့ အလှုအတွက် မတည်ငွေအဖြစ် ကိုကျော်စွာစိုးမြတ်မှ လက်ခံသိမ်းဆည်းပေးထားကြောင်း အသိပေးရင်း မရမ်းချောင်း အလှုကိစ္စအား ဤတွင် နတ္ထိတံပါသည်ခင်ဗျား..။


နောက်သုံးလ (သို့) လေးလကြာရင် အခုလိုပဲ ပြန်လည်ဆုံတွေ့ကြပါဦးစို့လား..
လေးစားစွာဖြင့်
မြန်မာမုဒိတာလူငယ်များအဖွဲ့ (MMYG) ကိုယ်စား
ကိုရင်
20:35 (GMT)

7 comments:

  1. သာဓု သာဓု သာဓု ပါ.. ဒီထက်မကအလှူ့ဒါယိကာမဖြစ်ပါစေ သမီးစံရေ..။

    ReplyDelete
  2. ဆရာလေးကတုံးကို မမြင်လိုက်ရတာနာသကွား :D

    ReplyDelete
  3. ဆံနီကိုယ်တော်ကို heart ထိ တယ် တမီးချန်ရယ်...။

    ReplyDelete
  4. ဟန်ကြည်April 16, 2012 at 12:33 PM

    သမီးစံ...ခေါင်းစဉ် စာလုံးပေါင်းလေး ပြင်ပါလား...အလှူစားရင်း ဆိုတော့ အလှူမှာ စားရင်းနဲ့ ရှင်းတန်းထုတ်သလိုပဲ...စာရင်းရှင်းတန်းဆိုရင် ပိုအဆင်ပြေမယ်ထင်တယ်...

    ReplyDelete
  5. သာဓု၊ သာဓု၊ သာဓုပါခင်ဗျာ။ လှူခွင့်ရအောင် ကြိုးစားပေးကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ချာလေးလုပ်နေတယ်ဆို?? :P

    ReplyDelete
  6. ဆြာလေး စံစံ....ကဲနေပြီလား..မင်သမီးတွေကဲနေတာ တိတယ်နော်..

    ReplyDelete
  7. ကြည်ကြည်..ပေးတဲ့ဆုနဲ့ပြည့်ပါစေရှင်..
    ချစ်မကြီးမဒမ်..မမြင်ရတာဘဲကံကောင်းသွားတယ်သဘောပိုက်ပါ :P
    မိုးရိပ် ဟတ်ထိတယ်ဆိုရင် မိတ်ဆက်ပေးပါ့မယ်ကွယ်း)
    ဆရာဟန်..ပြင်လိုက်ပါပြီဆရာ..ကျေးဇူးပါရှင်
    တကယ်ဘဲစားရင်းနဲ့ရှင်းသလိုဖြစ်သွားပါတယ် :D
    ကိုအိပ်ရာချာလေးလူထွက်လာပါပီး)
    စွယ်စုံကျမ်းကြီး သင်္ကြန်မှာကုသိုလ်များများရအောင်နေပါ :P

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..