ယနေ့မနက် ကိုးနာရီခွဲခန့်အချိန်တွင် သူမသည် အကြောင်းကိစ္စ တစ်ခုကြောင့် ခရီးသွားရန် ပြည်သူပိုင် ဘတ်(စ်)ကားဂိတ်တွင်မတ်တပ်ရပ်ကာ စောင့်နေစဉ်ဖြစ်သည်။ ထိုအခိုက် ဘေးနား သို့ လူတစ်ယောက် လာရပ်လေသည်။ ပုံဆင်းသဏ္ဍာန်အား အတိအကျပြရသော် ထိုသူသည် အသက်လေး ဆယ်ခန့်ရှိမည်။ အသားညိုညို၊ အရပ်အမောင်းမှာ ငါးပေဆယ့်တစ်ခန့်၊ နဖူးတွင် ဆံပင်အတန်ငယ်ရှင်းသော ဥပဓိ ရုပ်နှင့် ဖြစ်သည်။အရပ်မြင့်သည်ကတစ်ကြောင်း၊ ထိုသူ၏ မှတ်မိလွယ်သော ဥပဓိ ကြောင့်လည်းကောင်း ခဏမြင်ရုံနှင့် မှတ်မိသွားလေသည်။ ထို့နောက်.. တိုက်ဆိုင်လေသည်လား မပြောတတ်ပေ။ စီးရမည့် ဘက်(စ်)ကား ဆိုက်လာသည်တွင် ထိုသူစိမ်းနှင့် သူမသည် နှစ်ယောက်ထိုင် ခုံတန်းတွင် ဘေးချင်းယှဉ် လျှက်ဖြစ်နေပြန်သည်။သူမနေရာက ကားပြတင်းပေါက်နားမှာ..။ ကားခုံ ၏ နောက်မှီသည် သာမာန်ထက် အနည်း ငယ်လျှောနေ သည်ဖြစ် ၍ ကျောကို ပုံမှန်ထက်ပိုကာ မှီထား လိုက်ရသည်။ ထိုစဉ်တွင် သူမအနွေးထည်ဘေးအိပ်ထဲတွင် အကြမ်းခံ ဖုန်း(စုတ်)လေးတစ်လုံးလည်း ရှိနေသည်။(ထိုဖုန်းသည် ယခုပို့စ်အတွက် အဓိက ဇာတ်ကောင်ပင်ဖြစ်သည်။)
မကြာမီ.. သူမဆင်းမည့်မှတ်တိုင်သို့ ရောက်လာလေသည်။ အမြဲလိုလို ပြာယိပြာယာနှင့် အမှုမဲ့၊အမှတ်မဲ့ ရှိနေတတ်သောသူမသည် ဘေးအိပ်ထဲမှဖုန်းလေး အမှတ်မထင် လျှောကျ ကျန်နေခဲ့သည်ကို မသိချေ။ ထွက်သွားသော ဘတ်(စ်)ကား ခပ်ဝေးဝေးသို့ရောက်သွားချိန်မှ သူမအိပ်ထဲမှ ဖုန်းကို သတိရမိလေသည်။ မကြာခဏ ကြားမိနေသော ဇာတ်လမ်းတစ်ခုကို ကိုယ်တိုင်ခံစားမိလိုက်သောအခါ “အိုးထိန်းစက်ပမာ” ချာချာလည်သွားလေတော့သည်။ ရုတ်တရက်ဆိုသလိုပင် သူမဘေးနားက သူစိမ်းကို မျက်စိ ထဲ မြင်ယောင်မိလေ သည်။ ထိုသူစိမ်းသည် လူကောင်းလော၊လူဆိုးလော ခပ်မြန်မြန်စဉ်းစားလိုက်စဉ် သူမစိတ်ထဲတွင် အနှုတ်လက္ခဏာသာ ဆောင်နေသည်။ နံပါတ်အသစ်ဖြစ်နေ၍ ထိုဖုန်းနံပါတ်ကို သူမလည်း အလွတ်မရပေ။ အိမ်ကိုလှမ်းမေးလိုက်လျှင်လည်း လူကြီးတွေသိကာ စိတ်ပူကြကုန်လိမ့်မည်။ ထို့ကြောင့်.. သူမအနေနှင့် စိတ်ချရသူတစ်ယောက်ကို သတိရသွားကာ (ဆသရ ဖုန်းဖြင့်)နံပါတ်လှမ်းမေးလိုက်သည်။
ထိုဖုန်းနံပါတ်ဆီ သူမခေါ်လိုက်သောအခါ တစ်ခေါက်မှ နှစ်ခေါက်သို့တိုင် ချက်ချင်းခေါ်မရပေ။ သုံးကြိမ်မြောက်တွင်မှ ဖုန်းဝင်သွားလေသည်။(MPT သည် ထိုအခြေနေထိတိုင်အောင် အကျီစားသန် လွန်းပါ၏။)သူမထင်သည့်အတိုင်းပင် ထိုသူစိမ်း ဖုန်းကိုင်လာသည်။တိုက်ဆိုင်လေသည်လားမသိ.။ ကြားဖူးနေသော အကြောင်းအရာများအတိုင်းပင် သူသည် သူမဆင်းသောမှတ်တိုင်ထက်လွန်၍ ခပ်ဝေးဝေးသို့ ရောက်နေပြီဖြစ်၍ အဆင်ပြေသောအချိန်မှ(ညနေဖြစ်ဖြစ်) ဖုန်းကိုလာယူရန်၊ သူလည်းအလုပ်ကိစ္စ အဆောလျှင်၍ ပြန်လှည့်မလာနိုင်တော့ကြောင်း ပြောလေသည်။ ဒီပုံစံအတိုင်းဆို သူမအနေနှင့် အိမ်ပြန်ရန် ခက်နေလိမ့်မည်။ မဖြစ်နိုင်သောကြောင့်. .. ရောက်ရာမှတ်တိုင် မှပြန်ဆင်းခဲ့ပေးပါရန်၊ အငှားကား စီးလာပါက သူမအနေနှင့် အလွယ်တကူ ထုတ်ရှင်းပေးမည်ဖြစ်ကြောင်း ကတိပေးလိုက်သည်။ ထိုအခါမှ သူ့ကိုယုံစေချင်ကြောင်း၊ သူမဖုန်းအား တစ်စုံတစ်ခုဖြစ်စေမည် မဟုတ်ကြောင်း၊ ရောက်နေသည့်မှတ်တိုင်တွင် ဆက်စောင့်နေရန်၊ မကြာခင်သူ ပြန်လှည့် လာခဲ့မည်ဖြစ်ကြောင်း ကတိပေးလေသည်။ ထိုအခါမှ သူမလည်း စိတ်ချ သွားနိုင်လေသည်။ သို့သော်... ထိုသူ့ထံ ဖုန်းဆက်ပြီးချိန်မှစ၍ နောက်ထပ်ငါးမိနစ် ကြာသည်အထိ အရိပ်အယောင် မျှ ပေါ်မလာလေသောအခါ သူမစိတ်ပူရပြန်သည်။ ဒုတိယအကြိမ်မြောက် ဖုန်းပြန်ဆက်လိုက်သည့်အခါ သူမရပ်နေသော မှတ်တိုင်တစ်ခုအလိုတွင် ရောက်နေပြီဖြစ်ကြောင်း စီးလာသောကား ဘီးပေါက်နေသောကြောင့် ထိုနေရာသို့ပင် ကိုယ်တိုင်လာယူစေ လိုကြောင်း ပြန်ပြောလေ သည်။
ထိုအခါ.. သူမလည်း မဆိုင်းမတွပင် အပြေးသွားလိုက်ရာ ခပ်လှမ်းလှမ်းအရောက်တွင် ထိုသူစိမ်းကို မြင်လိုက်ရ၍ ၀မ်းသာသွားမိသည်။ ထို့နောက် ထိုသူစိမ်းက သူမဖုန်းလေးကို ပြန်ပေးသည်။ (သူပြောသည့် ဘီးပေါက်နေသောကားကိုလည်း ထိုနေရာတွင် မတွေ့မိပေ ) သူမကလည်း ကျေးဇူးတင်စကားဆိုလိုက်ကာ သွားလိုသောခရီး နှောင့်နှေးနေမည်စိုး၍ နီးစပ်ရာ ဘတ်(စ်)ကားပေါ် ခပ်သွက်သွက် လှမ်းတက်လိုက်လေသည်။ ခပ်လှမ်းလှမ်း ထပ်ရောက်ပြန်မှ သူမဖုန်းလေးကို ပြန်ကြည့်မိလေသောအခါ....
'' No Sim Card ..... ''
--------------------------
သည်နေရာမှာ ပို့စ်ကိုအဆုံးသတ်လိုက်လျှင် မမြင်ဖူးသော ထိုသူစိမ်းအပေါ်တွင် သူမ မိတ်ဆွေ (စာရှုသူများ) အမုန်းပွားကြမိမှာ အသေအချာပင်ဖြစ်သည်။
တကယ်တော့.....
ထိုဖုန်းထဲမှ MPT Sim Card လေးမှာ.. ပျောက်သွားသည်မဟုတ်။
ဖုန်းမှာ ဆင်း(မ်)ကဒ် နှစ်ခုဆန့်သည်ကိုမေ့နေကာ သူမအနေဖြင့် အလျှင်လို ကြည့်မိပြီး မျက်စိလျှမ်း သွားခြင်း သာ ဖြစ်လေ သည်။
ထို့ကြောင့်... သူမ၏ ပေါ့ဆမှုအသီးသီးကြောင့်သာ ဖြစ်ခဲ့ရသော ယခုဖြစ်စဉ်တွင် နေရင်းထိုင်ရင်းပင် အထင်လွဲခံရရှာသော (အမည်ပင်မမေးလိုက်မိပေ) ထိုသူစိမ်းလူအား လွန်စွာ အားနာမိပါသည်။
ထို သူစိမ်းလူကဲ့သို့ သူတစ်ပါးအား ကူညီဖူးသူများ ဤပို့စ်ကို ဖတ်မိပါက သူမကို စိတ်ဆိုးကြမည် သာ ဖြစ် သည်။သူမ၏ မပြုလုပ်သင့်သောအမှားနှင့် မထားအပ်သော သံသယကြောင့် အမည်မသိ သူစိမ်း လူတစ်ယောက်၏ စေတနာမှာ ဝေဒနာ ဖြစ်သွားခဲ့သည်ကို အတွေးရောက်တိုင်း စိတ်မကောင်းဖြစ် ရပါသည်။
လူ့ဘ၀တွင် တစ်ခါတစ်ရံသာ ကြုံတွေ့ရသော သင်ခန်းစာများသည် ငွေနှင့် လဲ၍ မရနိုင်လောက်အောင် အဖိုးထိုက်တန်လှကြောင်း နောက်ကျမှ သိခွင့်ရခဲ့ခြင်းပင်..။
ဝေဇယန္တာမှတ်တိုင်နှင့် ၄၉ကိုးမှတ်တိုင်သို့ အမှတ်တရ -
ချစ်ခင်လေးစားလျှက်
သမီးစံ
သူနဲ့ နောက်တစ်ခါ ထပ်တွေ့ကောင်း တွေ့နိုင်ပါသေးတယ်။း)
ReplyDeleteကိုယ်တိုင် ပူထူနေတယ်ဆိုတော့ လဲ ဒါမျိုးက ဖြစ်တက်ပါတယ် သမီးစံရေ .. . နောက်တခါကြုံမှပဲ ကျေးဇူးတင်စကားပြောလိုက်တော့း))
ReplyDeleteသာဓု သာဓု သာဓု.... :D
ReplyDeleteအဆိုးတွေနဲ့ပဲ ကြုံတွေ့ကောင်းကြုံတွေ့ရနိုင်တဲ့ ရွေပြည်ကြီးမှာ အဆိုးမြင်လေးတွေ လူတိုင်းကိုယ်ဆီ
ReplyDeleteရှိနေတတ်ကြပါတယ်ဟာ....၊ဘာပဲပြောပြော သင်ခန်းစာယူဖြစ်သွားတာကိုက အဆိုးထဲကအကောင်းပဲ
ပေါ့နော့.....၊
လူ့ဘ၀တွင် တစ်ခါတစ်ရံသာ ကြုံတွေ့ရသော သင်ခန်းစာများသည် ငွေနှင့် လဲ၍ မရနိုင်လောက်အောင် အဖိုးထိုက်တန်လှကြောင်း.....သမီးစံရေအားပေးဖတ်ရှု.သွားပါတယ်။
ReplyDeleteအားပေးလျှက်ခင်တဲ.အန်တီလေးမေခင်
ဒါပေါ့....ဒါပေါ့......
ReplyDeleteဒီလိုဆိုတော့လဲ ကူညီရှာသူ
တဖက်သားခမျာ အားနာစရာပေါ့.....(စတာပါ)
တကယ်သာ အပြင်မှာဆိုရင်တော့ သူကြီးမင်းပြောသလို
ပြန်တွေ့ကောင်းတွေ့နိုင်သေးတယ်လေ.....:)
ပိုစ့်ထဲက ကူညီတတ်တဲ့လူလို လူတွေ များများရှိပါစေ။
ReplyDeleteရှပြာတတ်တဲ့ ခလေးမတွေလည်း နည်းပါး ပါစေ။
အဆိုးထဲက အကောင်းနဲ့ သင်ခန်းစာပေးပိုစ့်လေး
အားပေးသွားတယ်။ ဓါတ်ပုံလေးကို အကြိုက်ဆုံးဘဲ
ချစ်တဲ့
မကြီးလွမ်း
ကြိုက်ပါ့ စိတ်ဝင်စားအောင် ရေးတတ်ပါပေတယ်။ ဝတ္ထုတို ၁ပုဒ်ဖတ်ရသလိုပါပဲ။ တို့ဘလော့လေးလဲ မရေးတာ အလွန်ကြာလှပါပြီကွယ်။
ReplyDeleteဒါမျိုးတွေလည်း ဖြစ်တတ်ပါတယ်..း)
ReplyDeleteမံစိ တို့ ဖြစ်လိုက်ရင် အလန့် ထညက်ချည့်ပဲ..
ReplyDeleteဟီးဟီး.။
တော်တော်ဆိုးတဲ့မိစံ
ReplyDeleteရေးတာတော့ တော်တော်တော်လာဘီ
ချစ်တဲ့အမ
ဖုံးစနစ်ချင်းမတူလို့နားမလည်တာကလွဲလို့ဖတ်လိုကောင်းပါကြောင်း.....မြန်မာပြည်ကစာအုပ်၉ နစ်လောက်မှာဖတ်ပြီးခုတောမိခင်ကြီးကိုအားနာပြီမမှာတော့ပါ ဘလော့တွေမှာ၇၇ာကိုဆွဲဖတ်ပြီး on lineကနေမြန်မာbookshopကနေမှာတာမြသန်းတင့်ဘာသာပြန်၂မိုးမိုးအင်.လျား၁ကြည်အေး၁ကိုsg to USAပါ$75ပေး၇လို့ ၂ခါမှာပြီးတဲ့နောက်...ှ့.ဘလော့ကာမမ ကိုကိုတို့အားချစ်ခင်လေးစားလျက်.....မကြားရတာကြာပြီဖြစ်တဲ့အားမနာပါနဲ့ဆိုတာလေးကိုလဲတော်တော်ကိုနှစ်သက်မီတဲ့ မြန်မာကိုယ့်မီးသားစုကလွဲပြီးမရှိတဲ့US stateရဲ့မြိုူ့သေးသေးလေးမှာနေတဲ့မြန်မာလူမျိုး....မိုးနူင်းဝေ....
ReplyDelete