Friday, January 4, 2013

မေမေ





မေမေဟာ
သူ့မ လက်နှစ်ဖက်နဲ့
ကျွန်တော့် ကျောကိုသပ်
အေးအေးအိုနဲ့ သီချင်းဆိုသိပ်တယ်....

မေမေ့ မေတ္တာဓါတ်ဟာ
ပုခတ်ကြိုးကနေ ကျွန်တော့် ရင်ထဲ စီးဝင်
အေးမြငြိမ်းချမ်းစွာ တသွင်သွင်...စီးတယ်...

မေမေ....
သူမဟာ ကြယ်ကလေးများရဲ့ ကောင်းကင်ဖြစ်တယ်...
သူမဟာ အလင်းရောင်များရဲ့ ရှင်သန်မှု ဖြစ်တယ်....
သူမဟာ ပန်းရနံ့များရဲ့ မွေးဖွားသန့်စင်ရာ ဖြစ်တယ်....
သူမဟာ ကံကော်တစ်ရွက်ရဲ့ နေ့ရက်တစ်ရက်လည်း ဖြစ်ပါတယ်...

မေမေဟာ
ပန်းပင်တွေပျိုးဖို့ သူကိုယ်တိုင် မိုးအဖြစ်ရွာခဲ့တယ်
လမင်းအိပ်ချိန်များမှာတောင် အလှဆုံးပြုံးတတ်တယ်...
မေမေဟာ
ကျွန်တော်တို့ကို.....
ဆောင်းဥတုနံနက်ခင်းကို အေးမြလန်ဆန်းစေတယ်
မိုးညသန်းခေါင်ယံလို ငြိမ်းချမ်းလုံခြုံစေတယ်
မေမေဟာ
ကျွန်တော့်တို့ရဲ့ ပင်လယ်ပြာပြာကြီး....
လှိုင်းလုံးတွေစီးပြီး ညနေခင်းဆီ အလည်သွားဖူးတယ်....

ကျွန်တော်ငိုချင်တယ်..မေမေ
မေမေဟာ ကျွန်တော့်ရဲ့ သက်တံတစ်စင်းဖြစ်ပေမယ့်
ကျွန်တော်ဟာ မေမေရဲ့ အလင်းဆိုင်လေးတောင် မဖြစ်ခဲ့...
သာမန် ရေအိုးလေးရဲ့ အေးမြမှုတောင် မပေးနိုင်ခဲ့...
ကျွန်တော်ဟာ မေမေအတွက် ဒဏ်ရာတွေ သယ်ယူပေးတဲ့ ရထားတစ်စင်းသာဖြစ်ခဲ့တယ်...

မေမေ....
ဂြိုလ်တွေကို သီပြီး မေမေ့လည်မှာ ဆွဲပေးချင်တယ်
ကျွန်တော်ဟာ စကြာဝဠာကြီးလောက် မကြီးမြတ်ပေမဲ့
ဓါးတစ်လက် ထက်ရှမှုမျိုးတော့ ရှိခဲ့ပါတယ်.....
သံချေးတတ်နေတဲ့ မေမေ့သားဟာ
ဒီတစ်ရက်တော့ ထက်မြက်နေစေမယ်..
မေမေ........
ကျွန်တော် တိမ်တွေကိုစီး
မိုးရွာအောင် ဗုံတီးလာခဲ့မယ်
မေမေ မွေးနေ့မှာ ပန်းအငွေ့လို ချမ်းမြေ့အောင် လို့ပါ.................။

(လွတ်လပ်ရေးနေ့တွင် မွေးဖွားသော ချစ်မေမေရဲ့ (၆၅) နှစ်မြောက် မွေးနေ့အမှတ်တရ )


Eleventh son

8 comments:

  1. ညီမလေးမိစံရေ..

    မေမေအတွက် ဂုဏ်ပြုကဗျာလေး မွေးနေ့ကဗျာလေးနဲ့ထပ်တူ
    မိစံ မေမေ သက်ကျော်ရာကျော်ရှည်ပြီး ကိုယ်စိတ်နှစ်ကျန်းမာချမ်းသာပြီး
    ဘေးရန်ကင်းဝေးပါစေလို့ မကြီးလွမ်းလည်း မေတ္တာပို့သလိုက်ပါတယ်။။

    ချစ်တဲ့
    မကြီးလွမ်း

    ReplyDelete
  2. ညေးများရေးသလားလို့ မဝံမရဲထင်နေမိသေး.....၊ထင်သာထင်တယ်....အောက်မှာက Eleven son
    ဆိုပါလား..... :)))။စတာ.....၊ဘယ်သူပဲရေးရေး သိပ်ဖတ်လို့ကောင်းတဲ့ကဗျာလေးကို မျှဝေပေးတာ
    ကျေးဇူးတင်ပါတယ်အေ.....။

    ReplyDelete
  3. မွေးနေ့ မှာပျော်ရွှင်ပါစေ ဆရာလေး အမေရေး)

    ReplyDelete
  4. Happy Birthday ပါအန်တီ
    မွေးနေ့မှသည် စိတ်၏ချမ်းသာခြင်း
    ကိုယ်၏ကျန်းမာခြင်း နှစ်ဖြာသုခနဲ့ပြည့်စုံပါစေရှင်

    ReplyDelete
  5. ကြည်နူးစရာကောင်းတဲ့ ပို့စ်လေးကို အားပေးသွားတယ်နော်..
    အန်တီရော အမမိစံပါ နှစ်သစ်မှာ ပျော်ရွှင်ပါစေရှင်....:)

    ReplyDelete
  6. မေမေ့အကြောင်း ကဗျာလေးတွေ ဖတ်ရတာ သိပ်ကြည်နူးဖို့ကောင်းတယ်... :)

    ReplyDelete
  7. " မေမေ " ဆိုတဲ့ ကဗျာလေးကို လာရောက်ခံစားသွားတယ်နော်
    အန်တီရော အန်တီမေမေပါ ယနေ့မှစပြီး နောင်နှစ်ပေါင်းများစွာတိုင်
    ပျော်ရွှင်စွာ ဘ၀ကိုဖြတ်သန်းသွားရပါစေနော်
    ခင်တဲ့(အိပ်မက်ကောင်းကင်)

    ReplyDelete
  8. သမီစံလေးရဲ.မေမေမွေးနေ.မှသည်စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင်.ပြည်.စုံပြီး
    မိသားစုနှင်.အတူနှစ်သစ်မှာပျော်ရွှင်ချမ်.မြေ.ပါစေဆုတောင်းလျှက်။မေ.မေ.အကြောင်းကဗျာလေးကိုလည်းကြည်နူးစွာဖြင်.ဖတ်ရှု.အားပေးသွားပါတယ်ကွယ်။
    ခင်တဲ.အန်တီလေးမေခင်

    ReplyDelete

တံခါးဖွင့်ထားပါတယ် ..